တောင်ကိုရီးယားတွင် လူ ၃၀၀ ကျော် သေဆုံးခဲ့သည့် နစ်မြုပ်ကူးတို့ရေယာဉ်အား ပြန်ဆယ်ယူရာတွင် တစ်စိတ်တစ်ပိုင်း ပေါ်လာပြီဖြစ်

တောင်ကိုရီးယားတွင် လူ ၃၀၀ ကျော် သေဆုံးခဲ့သည့် နစ်မြုပ်ကူးတို့ရေယာဉ်အား ပြန်ဆယ်ယူရာတွင် တစ်စိတ်တစ်ပိုင်း ပေါ်လာပြီဖြစ်

ဆိုးလ်၊ မတ် ၂၃ ။             ။ တောင်ကိုရီးယားနိုင်ငံတွင် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့သည့် ရေအောက်နစ်မြုပ်နေသော စီဝူးကူးတို့ရေယာဉ်ကို သုံးနှစ်နီးပါးအကြာ မတ် ၂၃ ရက်တွင် ဆယ်ယူရေးအဖွဲ့က ပြန်လည်ဆယ်ယူရာ တစ်စိတ်တစ်ပိုင်း ပေါ်လာပြီဖြစ်သည်။

လက်ရှိ ဖြုတ်ချခံရသည့် သမ္မတ ပတ်ဂွန်ဟေးအား ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ဖြစ်စေခဲ့သည့် ယင်းစီဝူးရေယာဉ်နစ်မြုပ်မှုတွင် သေဆုံးအများစုက ကျောင်းသားကျောင်းသူလေးများ အများစုဖြစ်ပြီး နိုင်ငံ၏ ရေကြောင်းဘေးအန္တရာယ် ကြံုတွေ့မှုတွင် အဆိုးဆုံးဖြစ်ရပ်လည်းဖြစ်သည်။

ရေယာဉ်နစ်မြုပ်မှုတွင် သေဆုံးခဲ့သူ ကျောင်းသားကျောင်းသူလေးများ၏ ကျန်ရစ်သူမိဘများက စီဝူးရေယာဉ်အား အောင်မြင်စွာ ဆယ်ယူနိုင်ရေး ဆုတောင်းပေးကြရန် လူအများအား တိုက်တွန်းနှိုးဆော်ထားသည်။

“ရေယာဉ်ကို ပြန်လည်ဆယ်ယူရာမှာ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၄၅ မိနစ်လောက်မှာ စီဝူးကူးတို့ယာဉ်က အပိုင်းတစ်ပိုင်း ရေပေါ် ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ကူးတို့ရေယာဉ်ရဲ့ ဆူးတောင် ဖြစ်ဖွယ်ရှိတယ်။ ရေပြင်မှာ ပေါ်လာတဲ့ အဲဒီအပိုင်းကို သာမန်မျက်စိနဲ့တောင် မြင်နိုင်ပါတယ်။”ဟု သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း ယွန်ဟတ်သတင်းတွင် ဖော်ပြသည်။

ရေယာဉ်တစ်ခုလုံး ရေပေါ် ပြန်လည် ပေါ်လာအောင် ဆယ်ယူနိုင်ရန်မှာ အချိန် ရှစ်ရက်ခန့် ကြာမြင့်မည် ခန့်မှန်းထားပြီး မော့ပို ဆိပ်ကမ်းအရောက် ပို့ဆောင်ဖို့ မျှော်မှန်းထားကြောင်း၊ ယင်းနောက် ကူးတို့ရေယာဉ်ကို ကုန်းပေါ်တွင် ဒေါက်တင်ရန်အတွက် နောက်ထပ်လေးရက်ခန့် ကြာမြင့်ဦးဖွယ်ရှိကြောင်း ၎င်းက ပြောသည်။

အဆိုပါ ရေယာဉ်မှာ ရေအောက်မီတာ ၄၀ ကျော်ခန့်တွင် နစ်မြုပ်နေခြင်းဖြစ်ကာ ဆယ်ယူရေးကို ပြီးခဲ့သည့်နှစ်ကတည်းက စီစဉ်ထားခြင်းဖြစ်သော်လည်း ရာသီဥတုအခြေအနေကြောင့်   ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required