မန္တလေးမြို့ အလှများနှင့် ပေါင်းစပ်ထားသည့် ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲ ဧပြီလတွင် စတင်ပြသမည်

မန္တလေးမြို့ အလှများနှင့် ပေါင်းစပ်ထားသည့် ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲ ဧပြီလတွင် စတင်ပြသမည်

Myanmar Media 7 မှ စီစဉ်ပြီး ဒါရိုက်တာ သားညီ ရိုက်ကူး ပုံဖော်ထားသည့် ရတနာပုံ အမည်ရှိ ရုပ်သံ ဇာတ်လမ်းတွဲကို MNTV ရုပ်သံလိုင်း နှင့် Channel 9 တို့တွင် ဧပြီလ ၉ရက်မှ စတင်ပြီး ထုတ်လွှင့်ပြသ သွားမည် ဖြစ်သည်။

ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲကို မန္တလေးမြို့တွင် သွားရောက် ရိုက်ကူးထားခြင်း ဖြစ်ပြီး မန္တလေးမြို့၏ အထင်ကရ နေရာများ ဖြစ်သည့် တောင်သမန်အင်း ၊ မန္တလေးတောင် ၊ မန္တလေး တက္ကသိုလ် ၊ နန်းတွင်း တို့တွင် အဓိကထား ရိုက်ကူးထားသည်။

“အဓိကက ဇာတ်လမ်းတွဲရဲ့ ရသကို အဓိက ပေးချင်တာပါ။ အချစ် ၊ တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘဝ ၊ဒါတွေကို မန္တလေးမြို့ရဲ့ အလှတွေ နဲ့ ပေါင်းစပ် ထားတာကို ပရိသတ်တွေ မြင်တွေ့ ခံစားရမှာပါ။ ရသ အသစ် တမျိုး ရရှိစေမှာပါ” ဟု Myanmar Media 7 မှ ကိုဝေမင်းမောင် က ပြောသည်။

အဆိုပါ ဇာတ်လမ်းတွဲ ၏ ဇာတ်လမ်း/ဇာတ်ညွှန်း မှာ  မိုးစက်ဝိုင် ၊ သူဝေး ဖြစ်ပြီး  ဒါရိုက်တာ သားညီ က ရိုက်ကူး ပုံဖော် ထားကာ ဟိန်းဝေယံ ၊ မိုးယံဇွန် ၊ ထွန်းကိုကို ၊ နေရဲ ၊ အေးဝတ်ရည်သောင်း ရတနာဗို ၊ ဇွန်သံစဉ် ၊ ချစ်ကြေးမုံ ၊ ကေညီ တို့က  ပါ၀င် သရုပ်ဆောင်ထားကြသည်။

ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲ ၏ ဇာတ်ဝင်တေးသီချင်း အဖြစ် အလွမ်းမှတ်တိုင် ဟု အမည်ပေး ထားသည့် တေးသီချင်းကို တေးရေး ဝေကြီးမှ ရေးစပ် ပေးထားကာ အဆိုတော် ဖြိုးပြည့်စုံ နှင့် Jewel တို့က ပါ၀င် သီဆို ပေးထားကြသည်။  

Myanmar Media 7 ကုမ္ပဏီ မှ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ အဖြစ် ချာမ်း ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူး ခဲ့ပြီး MNTV ရုပ်သံလိုင်း နှင့် Channel 9 တို့တွင် ထုတ်လွှင့်ပြသ ခဲ့သည်။ ဒုတိယမြောက် ရုပ်သံဇာတ်လမ်းတွဲ အဖြစ် ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ နှင့် ချာမ်း 2 တို့ကို ထပ်မံ ရိုက်ကူးခဲ့သည်။

အပိုင်း ၂၀ ပါ၀င်သည့် ထို ရုပ်သံဇာတ်လမ်းတွဲကို ဧပြီလ ၉ရက်မှ စတင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း MNTV ရုပ်သံလိုင်းတွင် ပြသမည် ဖြစ်ပြီး သောကြာနေ့များတွင်လည်း Channel 9 ရုပ်သံလိုင်း၌ ပြန်လည်ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required