ငွေကြေးရယူခဲ့သော ပညာရေးမှူးတစ်ဦး တိမ်းရှောင်နေသဖြင့် အရေးယူရန်ဆောင်ရွက်လျက်ရှိ

ငွေကြေးရယူခဲ့သော ပညာရေးမှူးတစ်ဦး တိမ်းရှောင်နေသဖြင့် အရေးယူရန်ဆောင်ရွက်လျက်ရှိ

ဖေဖော်ဝါရီ ၂၃ ။            ။ နေ့စား(လပေး) ဆရာ ဆရာမများ ခန့်ထားရေး ကိစ္စများတွင် သက်ဆိုင်သူများထံမှ ငွေကြေးရယူခဲ့သော ပညာရေးမှူးတစ်ဦးအား အရေးယူရန်ပြင်ဆင်နေရာတွင် တိမ်းရှောင်သွားသောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၆ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ တိုင်းဒေသကြီး တရားလွှတ်တော်တွင် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ သိရသည်။

ငွေကြေးရယူခဲ့သော မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ် ပညာရေးမှူး ဒေါ်ခင်အုန်းမြ (ယခု လက်ထောက်ညွှန်ကြားရေးမှူး ခရိုင်ပညာရေးမှူးရုံး၊ သရက်ခရိုင်) အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ တရားစွဲဆိုအရေးယူရန် ဆောင်ရွက်ရာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖေဖော်ဝါရီလ၂၃ ရက်၌ တိုင်းဒေသကြီးတရားလွှတ်တော်တွင် အရေးယူဆောင်ရွက်လျက်ရှိသည်။  

နေ့စား(လပေး) ဆရာ ဆရာမများခန့်ထားရာတွင် ငွေကျပ် ၁၃ သိန်း ၆သောင်း ရယူခဲ့သောကြောင့် သက်ဆိုင်သူများက ပညာရေးမှူးဒေါ်ခင်အုန်းမြအား အရေးယူပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုင်ကြားခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်းပေးပို့ခဲ့ကြောင်း သိရှိရသည်။

“သူ့ကို အခုလိုငွေတောင်းလို့ဆိုပြီး တိုင်းဒေသကြီးအစိုးရကိုတိုင်တယ်။ တိုင်ကြားစာကော်မတီရဲ့ သဘောထားမှတ်ချက်နဲ့ အစိုးရအဖွဲ့ကနေ ဒါကို အရေးယူဆောင်ရွက်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို လွှဲပြောင်းပေးခဲ့တယ်” ဟု တိုင်းဒေသကြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်က မဇ္ဈိမသို့ ပြောသည်။

ငွေကြေးများ ရယူချိန်တွင် မြို့သစ်မြို့နယ်ပညာရေးမှူးဖြစ်သဖြင့် လုပ်ပိုင်ခွင့်အာဏာရှိသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆အရ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင်တရားစွဲဆို အရေးယူရန် ဆောင်ရွက်ရာမှ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ယခုလိုထပ်မံ တရားစွဲဆိုရခြင်းဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly