ကယ်လီဖိုးနီးယားတွင် ဆည်ကျိုးပေါက်နိုင်မှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသော ဒေသခံ နှစ်သိန်း နေအိမ်ပြန်ခွင့်ရ

ကယ်လီဖိုးနီးယားတွင် ဆည်ကျိုးပေါက်နိုင်မှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသော ဒေသခံ နှစ်သိန်း နေအိမ်ပြန်ခွင့်ရ

ဖေဖော်ဝါရီ ၁၅ ။                   ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ အော်ရိုဗီးလ် ဆည် ကျိုးပေါက်နိုင်မှုအခြေအနေကြောင့် ယင်းဆည်အောက်ဘက် အနိမ့်ပိုင်းတွင် နေထိုင်သူ နှစ်သိန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းထားခဲ့ရာ ယခုအခါ အခြေအနေကို ထိန်းသိမ်းလိုက်နိုင်ပြီဖြစ်သဖြင့် ယင်းဒေသခံများကို မူလနေထိုင်ရာသို့ ပြန်ခွင့် ပြုထားပြီ   ဖြစ်သည်။

ယင်းဆည်ကြီးမှာ ပြီးခဲ့သည့်ရက်ပိုင်းက သိုလှောင်ထားသည့် ရေပမာဏများပြားလာနေပြီး ကျိုးကျတော့မည့်အခြေအနေထိ ရောက်ရှိနေခဲ့ခြင်းလည်း ဖြစ်သည်။

ယခုအခါ ကျရောက်နိုင်သည့် အန္တရာယ်ဆိုးကျိုးကို လျှော့ချထိန်းသိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း အာဏာပိုင်များက ကြေညာခဲ့ပြီးနောက် ဒေသခံ နှစ်သိန်းနီးပါး ကို မူလနေအိမ်များသို့ ပြန်လာကြရန်   ပြောဆိုထားပြီး ဖြစ်သည်။

သို့သော်လည်း အခြေအနေမှာ အပြည့်အ၀ စိတ်မချရသေးဘဲ ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်းနှင့် လိုအပ်ပါက အသင့်အနေအထားဖြင့် ရှိနေကြရန်လည်း ယင်းဒေသခံများကို အာဏာပိုင်များက သတိပေးထားသည်။

နိုင်ငံတွင် အမြင့်ဆုံးဖြစ်သည့် ယင်းဆည်ကြီး၏ စိုးရိမ်ရေမှတ် ကျော်လွန်သည်အထိ တိုးပွားနေခဲ့သော ရေများကို ယခုအခါ ဆည်အနောက်ဘက်ရှိ ကန်အတွင်းသို့ လွှဲယူထားလိုက်နိုင်ပြီ   ဖြစ်ကြောင်း ပြည်နယ် ရေအရင်းအမြစ် ဝန်ထမ်းများက ပြောသည်။

အလားတူ ဆည်ဧရိယာတဝိုက် ယိုယွင်းပျက်စီးနေခဲ့သော နေရာများကိုလည်း သဲအိတ်များချခြင်း ဘိလပ်မြေခဲများ ခုခံခြင်းတို့ကို လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required