စစ်တွေ၊ ဖေဖော်ဝါရီ ၁၃ ။ ။ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ၂၀၁၆ ခု အောက်တိုဘာလ ၉ရက်နေ့က ဖြစ်ပွားခဲ့သည့် ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်းကို အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ဦးဆောင်ခဲ့သည့် မာမက်နူ(ခ) အူလာ အသက်၂၃ နှစ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်တွေမြို့တရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
မာမက်နူ(ခ) အူလာသည် မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာတွင်နေထိုင်သူတစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် ကိုးတန်ကောက် နယ်ခြားစောင့်ရဲဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်စဉ်တွင် ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များအားသတ်ဖြတ်ခဲ့သည့်အဖွဲ့အား ဦးဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။
“သူတို့ကို တရားလိုလုပ်ပြီး စွဲတာက နယ်ခြားစောင့်ရဲကနေ တရားစွဲတာပါ။ မာမက်နူ(ခ)အူလာကို ပုဒ် ၃၀၂ (၁) (ဂ) ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နောက်ထပ်စွဲဆိုထားတဲ့ အမှုတွေလည်းရှိပါတယ်။ ပုဒ်မ ၃၃၃/၃၄၊ လက်နက်ဥပဒေပုဒ်မ၂ (၁) (က)၊ ပြည်သူပိုင်ဥပဒေပုဒ်မ ၆ (၁)၊ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ၁၇ (၁) တို့ဖြင့်လည်း စွဲဆိုထားပါတယ် ’’ ဟု စစ်တွေတရားရုံး၊ မှုခင်းဌာနမှတစ်ဆင့် သိရသည်။ ယင်းအပြင် အောက်တိုဘာ ၉ ရက်ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်တွေတရားရုံးတွင် တရားစွဲဆိုထားသည့် တိုက်ခိုက်သူ ၁၄ ဦးထဲမှ တစ်ဦးတည်းကိုသာ ပြစ်ဒဏ်ချမှတ်နိုင်သေးကြောင်း၊ နောက်ထပ် ၁၃ ဦးတို့အား စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းသိရသည်။