၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD မှ ရာနှုန်းပြည့် အနိုင်ရရန် ပြင်ဆင်ထား

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD မှ ရာနှုန်းပြည့် အနိုင်ရရန် ပြင်ဆင်ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ။             ။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရာနှုန်းပြည့် အနိုင်ရရန် ပြင်ဆင်ထားသည်ဟု NLD ပါတီက လွှတ်တာ်ကိုယ်စားလှယ်လောင်းများ စီစစ်ရေးကော်မတီဥက္ကဋ္ဌ   ဒေါ်အေးအေးမာက ပြောသည်။ ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲကို လာမည့်ဧပြီလတွင် ကျင်းပမည်ဖြစ်သည်။

"ပြည်သူလူထုအပေါ် NLD အမတ်တွေ လုပ်ဆောင်တဲ့ အချက်တွေကို ကြည့်လို့ရပါတယ်။ အဂတိလိုက်စားမှုကင်းရမယ် ၊ပြည်သူလူထုအပေါ်လေ့လာတယ်၊ လေ့လာပြီးတော့ သူတို့လိုအပ်ချက်တွေကို   ဖြည့်ဆည်းနိုင်တာကို ဖြည့်ဆည်းတယ်၊ မဖြည့်ဆည်း နိုင်တာတွေကို လွှတ်တော်ထဲမှာမေးတယ် ဌာနဆိုင်ရာကနေ ထိတွေမှုလုပ်ပြီးတော့ ဖြေရှင်းပေးတယ်။ ဒါကြောင့်မို့ အန်တီတို့က အရင်တုန်းက ခေတ်နဲ့ မတူဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးဟာ အလုပ်လုပ်တယ်လို့ ယူဆရတယ်။ အဲ့တာကြောင့်မို့ တစ်ရာ ရာခိုင်နူန်းအောင်နိုင်မယ်လို့ ယုံကြည်တယ်" ဟု ဒေါ်အေးအေးမာ ကပြောသည်။

ပြည်ခိုင်ဖြိုးပါတီက ယခင်ရွေးကောက်ပွဲများတွင် အသုံးပြုခဲ့သည့် မဲဆွယ်နည်းလမ်းများ၊ မူဝါဒများကို ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်သည်။

"ပြည်သူအတွက်ကို အစကတည်းက မှုဝါဒတွေ ချပြီးသားပါ။ နောက်ပိုင်းလည်း ဒီမူဝါဒတွေအတိုင်းပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ် ကျွန်တော်တို့ ဗဟိုပြုတာက ပြည်သူကို ဗဟိုပြုပြီးတော့ ပြည်သူတွေရဲ့ အကျိုးစီပွား လူထုအကျိုးစီးပွားတွေကို ဖွံ့ဖြိုးတိုးတက်ဖို့ ဒါကို အဓိကထားပြီးဆောင်ရွက်ပါတယ်" ဟု ပန်းဘဲတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင် ကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ပါတီ ၂၄ ပါတီ နှင့် အမတ် ၉၅ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများထဲတွင် NLD ပါတီမှ ကိုယ်စားလှယ် ၁၈ ဦး ပါဝင်မည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမှ ၁၉ ဦး ပါဝင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ မဲဆွယ်စည်းရုံးခွင့်ကာလကို ယခုလ (၁)ရက်မှစ၍ မတ်လ (၃၀) ရက်အထိ သတ်မှတ်ပေးထားပြီး ဧပြီလ (၁) ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲ စတင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required