မြောက်ဦးဒေသ ယူနက်စကိုဝင်ရန်ဆောင်ရွက်နေသဖြင့် ဒေသခံများအတွက် မြို့သစ်စီမံကိန်း စီစဉ်နေ

မြောက်ဦးဒေသ ယူနက်စကိုဝင်ရန်ဆောင်ရွက်နေသဖြင့် ဒေသခံများအတွက် မြို့သစ်စီမံကိန်း စီစဉ်နေ

ရန်ကုန် ဖေဖော်ဝါရီ ၆ ။            ။ ရခိုင်ပြည်နယ် ယဉ်ကျေးမှုဇုန်ဖြစ်သည့် မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် (UNESCO) ဖြစ်ရန်စီစဉ်နေသည့်အတွက် မြောက်ဦးမြို့နယ်ထဲရှိ   ပြည်သူများအတွက် မြို့သစ်စီမံကိန်းတစ်ရပ်ဖော်ဆောင်ရန် ဆွေးနွေးနေကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က မဇ္ဈိမသို့ပြောသည်။

“ တကယ့်တကယ်မှာ ရှေးဟောင်းမြို့က ရှေးဟောင်းမြို့လေးလိုပဲရှိနေမှာပေါ့နော်။ ဒါဆိုရင် ယူနက်စကိုကရော၊ ကမ္ဘာကရော ရှေးဟောင်းအနေအထားနဲ့ ရှေးမှုမပျက်ရှိနေတာက ပိုပြီးတော့ တန်ဖိုးရှိတာပေါ့ဗျ။  အခုကြတော့ မြို့ထဲမှာ ရှုပ်ထွေးနေတာပေါ့ဗျာ။ အိမ်တွေအများကြီး အထပ်ထပ်ဆောက်ပြီးတော့ လူတွေကြပ်သိပ်ပြီးတော့လေ။ အဲ့တာမျိုးတွေကို သူတို့အတွက် မြို့သစ်နဲ့သူတို့ကို စီမံပေးနိုင်ရင် ရှေးဟောင်းမြို့က သန့်လို့ ယူနက်စကိုလည်း ဝင်သွားမယ်ဆိုလို့ရှိရင် နိုင်ငံခြားသားခရီးသည်တွေလည်း လာပြီးတော့ အများကြီးဖွံဖြိုးတိုးတက်လာမှာပေါ့နော်။ အဲဒါလေးတွေ စဉ်းစားပြီးတော့ အခုလို မြို့သစ်လုပ်သင့်တယ်ဆိုတဲ့ အနေအထားနဲ့ ကျွန်တော်တို့ မြေယာလေးတွေဘယ်နေရာကောင်းမယ်၊ ဘယ်လိုလုပ်ရင် ဘယ်ဘက်မှာဆိုရင် သင့်တော်မယ်ဆိုတဲ့ဟာလေးကိုပဲ ကျွန်တော်တို့က ဆွေးနွေးထားတာပဲ ရှိသေးတယ်။ တကယ်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ မချရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

မြောက်ဦးဒေသအား UNESCOကမ္ဘာ့ အမွေအနှစ် စာရင်း ဝင်နိုင်ရန် ဆောင်ရွက်ရာတွင် ရှေးဟောင်း သုတေသနနယ်မြေအတွင်း ဒေသခံများနေထိုင်ခြင်းရှိသောကြောင့် မြို့သစ်ဖော်ဆောင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မြို့သစ်စီမံကိန်းလုပ်ရန် ပြင်ဆင်နေသော်လည်း ဖော်ဆောင်ရန် အစည်းအဝေး ဆုံးဖြတ်ချက်ချထားခြင်းမျိုးမရှိ သေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခေတ်ပေါ်အဆောက်အအုံတွေဖယ်ရှားဖို့ နှင့် ယဉ်ကျေးမှုပြတိုက် ဖယ်ရှားပြီးရင် ပြန်ဆောက်ဖို့၊ အဆောက်အအုံခင်းကျင်းပြသဖို့ အနေအထားတွေမှာ ဘတ်ဂျက်အခက်အခဲရှိနေသဖြင့် နှောင့်နှေးနေတာတွေ ရှိကြောင်း၊ မြို့သစ်စီမံကိန်းကို ဧက ၂၇ဝဝ လောက် လုပ်သွားဖို့ရှိပြီး လက်ရှိတွင် ဧက ၅ဝဝ စပြီး လုပ်ကိုင်နေကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောထားသည်။

မြောက်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက လမ်း၊ မီး၊ ရေ အစရှိသည့် ကိစ္စရပ်များ အားလုံးလုပ်ပေးနိုင်မှ မြို့သစ်စီမံကိန်းကို စတင်လုပ်ဆောင်ရန် ရခိုင်ပြည်နယ်အစိုးရသို့ အကြံပေးထားကြောင်း ပြောဆိုသည်။

လက်ရှိတွင် စီမံကိန်းလုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ စတင်ဖော်ဆောင်ပါက မြေဧက ၂၀၀၀ ကျော် အသုံးပြုသွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြောက်ဦးဒေသကိုလည်း ယူနက်စကိုမှ တာဝန်ရှိသူများ လာရောက်ဆန်းစစ်လျက်ရှိနေရာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုနိုင်ရန်အတွက်လည်း နိုင်ငံအစိုးရအနေဖြင့် အချိန်မီဆောင်ရွက်မှုများ စတင်ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required