လီဗာပူးလ်ကို အနိုင်ကစားရန်သာ တွေးထားသည်ဟု မန်ယူနည်းပြမော်ရင်ဟို ပြောကြား

လီဗာပူးလ်ကို အနိုင်ကစားရန်သာ တွေးထားသည်ဟု မန်ယူနည်းပြမော်ရင်ဟို ပြောကြား
 

ဇန်နဝါရီ ၁၄၊ အင်္ဂလန် ။                ။ အိုးထရက်ဖို့ဒ်တွင်ကစားရမည့် ပွဲစဉ်တွင် လီဗာပူးလ်ကို အနိုင်ကစားရန်သာ တွေးထားကြောင်း မန်ယူနည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

ထို့အပြင် မော်ရင်ဟိုက ထိုပွဲစဉ်အတွက် ၎င်းမှာ ဂျာဂင်ကလော့ပ်ထက် ပို၍အေးဆေးတည်ငြိမ်ကြောင်း ပြောခဲ့သည်။

လက်ရှိတွင် မန်ယူအသင်းသည် ပရီးမီးယားလိဂ်တွင် အဆင့်ခြောက်နေရာ၌ရပ်တည်နေပြီး အဆင့် ၂ မှ လီဗာပူးလ်နှင့် ငါးမှတ်ကွာဟလျက်ရှိသသည်။ ယခုပွဲတွင် မန်ယူအသင်းသည် လီဗာပူးလ်ကို အနိုင်ရရှိခဲ့ပါက ၎င်းတို့ကြားတွင် နှစ်မှတ်သာ ကွာဟတော့မည် ဖြစ်သည်။

မော်ရင်ဟိုက ‘လီဗာပူးလ်နဲ့ပွဲကို အနိုင်ကစားဖို့ပဲ တွေးထားပါတယ်။ နည်းပြတိုင်းမှာ သူ့ရဲ့ ပုံစံ၊ သူ့ရဲ့စတိုင်၊ သူ့ရဲ့ဦးဆောင်မှု၊ သူ့ရဲ့နည်းပြတဲ့ပုံစံဆိုတာရှိကြပါတယ်။ ကျွန်တော်တို့မှာ တူညီတဲ့ အရာတွေရှိသလို ကိုယ်ပိုင်ဟန်တွေလည်းရှိကြပါတယ်။ ဒါကပဲ ကျွန်တော်တို့ကို ကွဲပြားခြားနားသွားစေတာပါ။

ဒီပွဲကို ကျွန်တော်လိုချင်တဲ့ပုံစံအတိုင်းကစားမှာဖြစ်သလို သူကလည်း သူလိုချင်တဲ့ပုံစံတိုင်း ကစားပါလိမ့်မယ်။ သူက ကျွန်တော့်လို အေးဆေးတည်ငြိမ်နေလား ဆိုတာကိုတော့ ကျွန်တော်မပြောတတ်ပါဘူး’ ဟု ပြောဆိုခဲ့သည်။

ပထမအကျော့ အန်ဖီးလ်ကွင်းတွင် ကစားခဲ့စဉ်က လီဗာပူးလ်နှင့် ဂိုးမရှိသရေကျခဲ့သော်လည်း ယင်းအချိန်က မန်ယူနှင့် လက်ရှိမန်ယူမှာ ကွားခြားသွားပြီဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required