အိုဘားမား ခန့်အပ်ထားသည့် သံတမန်များအားလုံး ဒေါ်နယ်ထရန့် သမ္မတတာဝန်ယူသည့် နေ့မတိုင်ခင် ရာထူးမှထွက်ရန် ညွှန်ကြားခံထားရဟု ဆို

အိုဘားမား ခန့်အပ်ထားသည့် သံတမန်များအားလုံး ဒေါ်နယ်ထရန့် သမ္မတတာဝန်ယူသည့် နေ့မတိုင်ခင် ရာထူးမှထွက်ရန် ညွှန်ကြားခံထားရဟု ဆို

ဇန်နဝါရီ ရ ။                    ။ သမ္မတ အိုဘားမား နိုင်ငံရေးအရ ခန့်အပ်ထားသည့် သံအမတ်ကြီးများအားလုံး ဒေါ်နယ်ထရန့် အာဏာရယူသည့်နေ့မတိုင်ခင် တာဝန်မှ နှုတ်ထွက်ကြရန် ညွှန်ကြားခံထားရ သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုအခါ ယင်းညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့သည့် ပထမဆုံးသံတမန်အဖြစ် ကနေဒါနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ၎င်း၏   နှုတ်ထွက်စာကို ဇန်နဝါရီ ၆ ရက်တွင် တင်သွားခဲ့သည်ဟုလည်း သိရသည်။

" ညွှန်ကြားချက်အတိုင်း ကျွန်တော် ခုပဲ နှုတ်ထွက်လိုက်ပါပြီ" ဟု ကနေဒါနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဖြစ်သူ Bruce Heyman က တွစ်တာမှတဆင့် ရေးသားသွားခဲ့သည်။ သံအမတ်ကြီး Heyman မှာ သမ္မတ ဘရက်ခ် အိုဘားမားနှင့် နီးစပ်သူတစ်ဦးလည်း ဖြစ်သည်။

ဇန်နဝါရီလ ၅ ရက်က နယူးယောက်တိုင်းမ် သတင်းဌာန၏ ဖော်ပြချက်များအရ သမ္မတအိုဘားမား ခန့်ထားခဲ့ပြီး နိုင်ငံရပ်ခြားတွင် တာဝန်ထမ်းနေကြသော သံအမတ်ကြီးများအားလုံး လာမည့် ဇန်နဝါရီလ ၂၀ ရက်မတိုင်မီ လက်ရှိရာထူးမှ နှုတ်ထွက်ပေးကြရန် တောင်းဆိုညွှန်ကြားစာတစ်စောင်ကို ဒေါ်နယ်ထရန့်၏ အာဏာလွှဲပြောင်းရေးအဖွဲ့က ထုတ်ပြန်ထားသည်ဟု သိရှိရသည်။

နိုင်ငံရေးအရ ခန့်အပ်ထားခံရသော သံအရာရှိကြီးများမှာ ပုံမှန်အားဖြင့် သမ္မတနှင့် နီးစပ်ကြသူများ ဖြစ်တတ်ပြီး ယခင်ကာလများက ၎င်းတို့အား တာဝန်ပေးထားသည့် သမ္မတ ရာထူးသက်တမ်း ကုန်ပြီးနောက် လ သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်ထိ ဆက်နေခွင့်ရှိခဲ့သည်။ သို့သော် ယခုထရန့်၏ အာဏာလွှဲပြောင်းရေးအဖွဲ့၏ လုပ်ဆောင်မှုမှာ ယင်းအစဉ်အလာနှင့် ကွဲလွဲနေခဲ့ပြီဖြစ်သည်။

ယခုကဲ့သို့ ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်အရ အမေရိကန်အနေဖြင့် အဓိကကျသည့် ပြည်ပနိုင်ငံခြားတွင် လများစွာကြာ သံအမတ်ကြီးများ မထားဘဲ နေဦးမည်ဟုလည် ယူဆရနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required