အသက်အန္တရာယ်ဘေး စိုးရိမ်ရ၍ ဂမ်ဘီးယား ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဆီနီဂေါသို့ ထွက်ပြေး

အသက်အန္တရာယ်ဘေး စိုးရိမ်ရ၍ ဂမ်ဘီးယား ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဆီနီဂေါသို့ ထွက်ပြေး

ဇန်နဝါရီ ၄ ။            ။ ဂမ်ဘီးယားနိုင်ငံမှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူမှာ ယခုအခါ ၎င်းကို လာရောက်လုပ်ကြံသတ်ဖြတ်တော့မည်ဆိုသည့် သတင်းများကြားပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံ ဆီနီဂေါသို့ ၀င်ရောက်ထွက်ပြေးသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂမ်ဘီးယား ရွေးကော်ဥက္ကဋ္ဌမှာ နိုင်ငံတွင် နှစ်ပေါင်း ၂၂ နှစ်ကြာ အာဏာရယူထားခဲ့သည့် သမ္မတ Yahya Jammeh ကို ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာပေးခဲ့ပြီးနောက် ယခုကဲ့သို့ အသတ်ခံရမည်စိုး၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ဆွေမျိုးတစ်ဦးက ပြောသည်။

လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Alieu Momar Nijei မှာ ၎င်းနှင့် ၎င်း၏အဖွဲ့ဝင်များအား အာဏာပိုင်များက သတ်ဖြတ်လုပ်ကြံရန် စီစဉ်နေသည်ဟု သတင်းများ ကြားပြီးကတည်းက ဆီနီဂေါသို့ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

Nijei မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်ရွေးကောက်ပွဲများတွင် သမ္မတ Yahya Jammeh ရှုံးနိမ့်ကာ အတိုက်အခံ ကိုယ်စားလှယ် Adama Barrow က အနိုင်ရရှိကြောင်း ထုတ်ပြန်ကြေညာပေးခဲ့ပြီး ပါတီအားလုံးအနေဖြင့် ရွေးကောက်ပွဲရလဒ်များကို လေးစားလိုက်နာရန် ပြောကြားခဲ့သူဖြစ်သည်။

သို့သော်လည်း သမ္မတ Jammeh ၏ ပါတီက ကော်မရှင်ထံသို့ ရလဒ်များကို လက်မခံနိုင်ကြောင်း ကန့်ကွက်လွှာတင်ထားခဲ့ပြီးနောက် ယင်းနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတစ်ခုအောက်သို့ ကျရောက်ခဲ့ရသည်။

အသက် ၅၁ နှစ်ရှိ သမ္မတ Jammeh မှာ ၁၉၉၄ ခုနှစ်ကတည်းက နိုင်ငံတွင် အာဏာသိမ်းကာ စတင်အုပ်ချုပ်ခဲ့ပြီး ယခုအချိန်အထိ အာဏာကို လက်လွှတ်ဦးမည်မဟုတ်ဘဲ ယခုကိစ္စအပေါ် တရားလွှတ်တော်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဦးမည်ဟု ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required