တရုတ်နှင့်အတူ စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ရန် ထိုင်းနိုင်ငံ လုံးပမ်းနေ

တရုတ်နှင့်အတူ စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ရန် ထိုင်းနိုင်ငံ လုံးပမ်းနေ

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ။                          ။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ထိုင်းနိုင်ငံအတွင်း စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်ရေး ဆွေးနွေးလျက်ရှိကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၁ ရက်၌ ပြောသည်။ အာရှတွင် အမေရိကန်၏ ရေရှည်မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား  နွေးထွေးသောဆက်ဆံရေး လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။

၂၀၁၄ မေလအတွင်း ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်နှင့် ထိုင်းနိုင်ငံ ဆက်ဆံရေးက အေးစက်လာခဲ့သည်။ လမ်းပေါ်ဆန္ဒပြပွဲများကြောင့် တည်ငြိမ်မှု ထိန်းရန် လိုအပ်သည် ဆိုကာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် ဒီမိုကရေစီ မကျင့်သုံးမချင်း ဆက်ဆံရေးက ပုံမှန် ပြန်ရောက်လိမ့်မည်မဟုတ်ကြောင်း အမေရိကန်က ပြောသည်။ ထိုင်းစစ်ဗိုလ်ချုပ်ကြီးများက ၂၀၁၇ တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိပေးထားသည်။

“ကာကွယ်ရေးဝန်ကြီးက ၎င်းနဲ့အဆင့်တူ တရုတ်ကာကွယ်ရေးဝန်ကြီးကို ပြောခဲ့တာပါ။ ထိုင်းနိုင်ငံ လက်နက်တိုက်မှာ ရှိနေတဲ့ တရုတ်စစ်လက်နက်ပစ္စည်းတွေ ပြင်ဆင်ထိန်းသိမ်းရေး စက်ရုံတွေ တည်ဆောက်ဖို့ စိတ်ဝင်စားတယ်ဆိုပြီး ပြောခဲ့တာပါ။”ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သန်ထရာဗန်နစ်က ရိုက်တာသို့ ပြောသည်။

“ကျွန်တော်တို့ အနေနဲ့ လက်နက်ငယ်ထုတ်လုပ်မှုနဲ့ ဒရုန်းလို လုံခြံုရေးနဲ့ဆိုင်တဲ့ စက်ပစ္စည်းတွေ ထုတ်လုပ်မှုမှာ တရုတ်ဆီက နည်းပညာရအောင် ကြိုးစားသွားမှာဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် အလားတူ စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်ရေးအတွက် ရုရှနှင့်လည်း ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဖြည့်စွက်ပြောသော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required