ဒူးဒဏ်ရာကြောင့် ဘိုလာဆီ ရာသီကုန်ထိ အနားယူရတော့မည်

ဒူးဒဏ်ရာကြောင့် ဘိုလာဆီ ရာသီကုန်ထိ အနားယူရတော့မည်

ဒီဇင်ဘာ ၆၊ လီဗာပူးလ်။           ။ အဲဗာတန်တိုက်စစ်မှူး ယန်နစ် ဘိုလာဆီသည် ဒူးဒဏ်ရာကို စစ်ဆေးမှုအဖြေအရ ရာသီကုန်အထိ အနားယူရတော့မည်ဖြစ်သည်။

အဲဗာတန်၏ စံချိန်တင်ပြောင်းရွှေ့ကြေး ကစားသမားသည် တနင်္ဂနွေက မန်ယူနှင့် သရေကျသည့်ပွဲတွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး အထူးကုများ၏ စစ်ဆေးမှုအရ ဒူးအရွတ် ဆိုးရွားစွာပျက်ဆီးသွားခဲ့ခြင်းဖြစ်သည်ဟု အဖြေထွက်ပေါ်လာခဲ့သည်။

ကွန်ဂိုလက်ရွေးစင်ကစားသမားသည် ပျက်ဆီးသွားသည့် ဒူးအရွတ်ကို ယခုတစ်ပတ်တွင် ပြန်လည်ပြုပြင်ခွဲစိတ်ရမည်ဖြစ်ပြီး ဒဏ်ရာအခြေအနေအရ ၁၂ လခန့်ထိ အနားယူရဖွယ်ရှိနေသည်။

ယင်းဒဏ်ရာမှာ ဘောလုံးသမားတစ်ယောက်ရရှိနိုင်သည့် အပြင်းထန်ဆုံးဒဏ်ရာများထဲမှ တစ်ခုဖြစ်ပြီး ဆရာဝန်များ၏ အကြံပြု ချက်အရ ပျမ်းမျှတစ်နှစ်ခန့် အနားယူကုသရနိုင်သည်။

သို့ဖြစ်ရာ သြဂုတ်တွင် ခရစ္စတယ်ပဲလေ့စ်မှ ပြောင်းရွှေ့ကြေးပေါင် ၂၈ သန်းထက်ပိုလွန်နိုင်သည့် ပမာဏဖြင့်ပြောင်းလာပြီး အဲဗာတန်အတွက် ပွဲတိုင်းပါဝင်ကစားပေးထားကာ ကလပ်၏ ဒဏ်ရာရစာရင်း၌ စျေးအကြီးဆုံး ကစားသမားဖြစ်လာသည့် တိုက်စစ်မှူးဘိုလာဆီ၏ လက်ရှိဘောလုံးရာသီမှာ အဆုံးသတ်သွားပြီဖြစ်သည်။

ယင်းသတင်းမှာ ကစားသမားအတွက်သာမက နောက်ဆုံးကိုးပွဲတွင် တစ်ပွဲသာ အနိုင်ရပြီး ရုန်းကန်နေရသည့် အဲဗာတန်အသင်း အတွက်လည်း ထိုးနှက်မှုကြီးတစ်ခု ဖြစ်ခဲ့ရသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly