စမ်းချောင်းမြို့နယ်ရှိ ငွေလဲကောင်တာတွင် လုယက်မှုကျူးလွန်သူနှစ်ဦး၏ ဓာတ်ပုံကို ရဲတပ်ဖွဲ့ထုတ်ပြန်

စမ်းချောင်းမြို့နယ်ရှိ ငွေလဲကောင်တာတွင် လုယက်မှုကျူးလွန်သူနှစ်ဦး၏ ဓာတ်ပုံကို ရဲတပ်ဖွဲ့ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၅ ။      ။ စမ်းချောင်းမြို့နယ်ရှိ ငွေလဲကောင်တာ (Money Changer) တွင် ငွေလဲလှယ်မည်ဟု ပြောဆိုကာ လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ဆိုင်ရှိငွေများနှင့်  အမေရိကန်ဒေါ်လာများအား လုယက်ခဲ့မှုမှ ပြစ်မှုကျူးလွန်သူများ၏ ဓာတ်ပုံကို ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှ ဒီဇင်ဘာ ၅ ရက်နေ့တင် ထုတ်ပြန်လိုက်သည်။

ကျူးလွန်သူ နှစ်ဦးမှာ တိုင်းရင်းသားဘာသာဖြင့် စကားပြောဆိုကြောင်း၊ အသားညို ခပ်ဝဝနှင့် တစ်ဦး၊ အသားဖြူအရပ် ရှည်ရှည် ပိန်ပိန်ပါးပါး လူတစ်ဦးတို့ ဖြစ်ကြောင်း ဖော်ပြထားပြီး အသားညို၊ အရပ်ပု၊ ဆံပင်ပါး၊ ခပ်ဝဝ လူငယ်အမျိုး သားမှာ ၀ဲဘက်ခြေထောက် မသန်သဖြင့် လမ်းလျှောက်သည့်အခါတွင် ပုံမှန်မဟုတ် ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ကောင်တာစားပွဲပေါ်ရှိ ငွေကျပ် ၅ သိန်းအုပ် စုစုပေါင်း ၃၅ အုပ်၊ တန်ဖိုး ကျပ်သိန်း ၁၅၀ ခန့်၊ အံဆွဲအတွင်းမှ အမေရိ ကန်ဒေါ်လာ ၁၅၀၀၀ ခန့်၊ တန်ဖိုး ကျပ် ၄ သိန်းခန့်ရှိ ငွေဖြည့်ကတ်မျိုးစုံ ၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် အခြား ပစ္စည်းများ ယူဆောင်သွားသည်ဟုလည်း ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူနှစ်ဦးသည် ဒီဇင်ဘာလ ၃ရက်နေ့ နေ့လယ်ပိုင်းက စမ်းချောင်းမြို့နယ် ၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်း တိုက်၁၄/ ဘီ ၊ မြေညီထပ်တွင် ဖွင့်လှစ်ထားသော  MS Group Money Exchange နိုင်ငံခြား ငွေလဲလှယ် ကောင်တာတွင် သေနတ်ပစ်ဖောက်ကာ လုယက်တိုက်ခိုက်ခဲ့ပြီး  ၅၁ ဘတ်စ်ကား (လိုင်းကား) ပေါ်သို့ လိုက်ပါကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း   ဖြစ်သည်။

၎င်းတို့ နှစ်ဦး ပြည်လမ်းဖက်သို့ ထွက်ပြေးစဉ် ခြောက်လုံးပြူးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း အသံကြား မီးပွင့်ပြီး ကျည်ထွက်မှု မရှိကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

လက်ရှိ စမ်းချောင်းမြို့မ ရဲစခန်းမှ (ပ)၄၁၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၄၂၇/၁၁၄ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိသည်။

ပြစ်မှုကျူးလွန်သူ ၂ ဦးအား ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဖမ်းဆီးနေပြီး ပြည်သူများအနေဖြင့် လည်း ၎င်းတို့ကို တွေ့ရှိပါက သက်ဆိုင်ရာ ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားပေးရန်လည်း   တောင်းဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး - ၁၉၉၊ ၀၁ ၂၃၂၃၁၉၉ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆ စမ်း ချောင်းမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၃၅၉၀၅ စမ်းချောင်းမြို့မ ရဲစခန်း - ၀၁ ၅၃၅၁၈၄ တို့ကို ဆက်သွယ် သတင်းပေး ပို့နိုင်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required