ပြင်သစ်သံရုံးရဲ့ဆောင်ရွက်မှုတွေအပေါ် အသိမှတ်ပြုကြောင်း ဒုသမ္မတပြော

ပြင်သစ်သံရုံးရဲ့ဆောင်ရွက်မှုတွေအပေါ် အသိမှတ်ပြုကြောင်း ဒုသမ္မတပြော
ဓာတ်ပုံ-သက်ကို/မဇ္ဈိမ

ရန်ကုန်၊ ဒီဇင်ဘာ ၂ ။             ။ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးရဲ့ဆောင်ရွက်မှုတွေအပေါ် အသိမှတ်ပြုကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က “ မင်္ဂလာပါ ” ပွဲတော်တွင် ပြောကြားခဲ့သည်။

“ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ယဉ်ကျေးမှု၊ ကုန်သွယ်မှု ၊ ရင်းနှီးမြုပ်နှံမှုတွေမှာ ရင်းနှီးစွာဆက်ဆံလာခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ပြင်သစ်သံရုံးရဲ့ဆောင်ရွက်ပေးမှုတွေကို အသိအမှတ်ပြုပါတယ် ”ဟု ဦးဟင်နရီဗန်ထီးယူက ဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြင်သစ် - မြန်မာယဉ်ကျေးမှုဆက်ဆံရေး ၅၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပြင်သစ်ယဉ်ကျေးမှုဌာနတို့ ပူးပေါင်းပြီး ၃၅ ပေအမြင့်ရှိတဲ့ ရုပ်သေးရုပ်ကြီး နှစ်ရုပ် ပါ၀င်တဲ့ “ မင်္ဂလာပါ ” ပွဲတော်ကို ယနေ့မှစတင်ကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ မင်္ဂလာပါ ” ပွဲတော်တွင် ပြင်သစ်၊ မြန်မာ အနုပညာရှင် ၁၀၀ ကျော်တို့မှ ဖျော်ဖြေပွဲများ၊ ဆပ်ကပ်ပွဲများ၊ လမ်းမထက်အနုပညာများ၊ ပရိုဂျက်တာဖြင့် ရုပ်ရှင်တင်ဆက်မှုများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများနှင့် ကျင်းပမည်ဖြစ်သည်။

သုံးရက်ကြာကျင်းပမည့် အဆိုပါပွဲတော်တွင် ရုပ်သေးရုပ်ကြီး နှစ်ရုပ်တည်ဆောက်ပြီး ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာများတွင် လှည့်လည်ကျင်းပမည်ဖြစ်ကာ ဒီဇင်ဘာ ၂ရက်တွင် ၀ါးတန်းဆိပ်ကမ်း၊ ၃ ရက်နေ့တွင် မြို့တော်ခန်းမရှေ့နှင့် ၄ ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ အသီးသီးလှည့်လည်ကျင်းပမည် ဖြစ်သည်။

“ ပြင်သစ် - မြန်မာ တို့ရဲ့ဆက်ဆံရေးကိုဖော်ပြရုံ မကဘဲနဲ့ ပိုမိုတိုးတက်ဖို့ ရည်ရွယ်ပြီး ပူးပေါင်းကျင်းပရခြင်းဖြစ်ပါတယ် ” ဟု မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးက ပြောသည်။ အဆိုပါပွဲ ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာ ၂ ရက် ၀ါးတန်းဆိပ်ကမ်းတွင် ညနေ ၅ နာရီက ကျင်းပခဲ့ပြီး ဒုသမ္မတ ဦးဟင်နရီဘန် ထီးယူ၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့်   ပြင်သစ်သံအမတ်ကြီးတို့ တက်ရောက်ခဲ့သည်။

ရန်ကုန်မြို့တွင် မြို့တော်အဆင့် ကျင်းပသည့် “ မင်္ဂလာပါ “ ပွဲတော်ကို ကျင်းပခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly