ခါးအကြောညပ်ဝေဒနာကြောင့် ဖျော်ဖြေပွဲအတွက် စိုးရိမ်နေတဲ့ကော်နီ

ခါးအကြောညပ်ဝေဒနာကြောင့် ဖျော်ဖြေပွဲအတွက် စိုးရိမ်နေတဲ့ကော်နီ

နိုဝင်ဘာ ၁၁၊ ရန်ကုန်။            ။ မကြာခင်မှာ သူငယ်ချင်းလေးယောက်နဲ့ ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်မှာ ဖြစ်တဲ့ ကော်နီက ခါးမှာ အကြောညပ်နေတဲ့အတွက် ဆေးကုသမှု ခံယူနေရပြီး မတ်တပ်ရပ်ဖို့တောင်ခက်နေတာဖြစ်တဲ့အတွက် စိုးရိမ်ပြီး စိတ်ဓာတ်ကျနေတယ်လို့ ဆိုပါတယ်။

“ မကော် ခါးက ကြာကြာရပ်ရင် အရမ်းနာတာ ဆရာဝန်ကတော့ အကြာညပ်တာလို့ ပြောတယ်။။ ဒါပေမယ့် ဒီပွဲလေးကလည်း မကော်က ဖျော်ဖြေချင်သေးတယ်။ သူငယ်ချင်းလေးယောက် ဆိုတော့လေ။ အဲဒီတော့ မကော် အရမ်းစိတ်ဓာတ်ကျနေတာ။ စိုးလည်း စိုးရိမ်တယ်။ ဒါပေမယ့် မကော် အကောင်းဆုံးတော့ လုပ်မှာပါ” လို့ ပြောပါတယ်။

ထိုင်ဝမ်မှာ ဖျော်ဖြေပွဲအပြီး တစ်ယောက်တည်း အလေးအပင်တွေ သယ်မခဲ့တာကြောင့် အခုလို မတော်တဆ ခါးအကြောညပ်ခဲ့တာဖြစ်တယ်လို့လည်း ထပ်မံပြောပါတယ်။

“အိမ်မှာကလည်း မကော်နဲ့ အမေနဲ့ နှစ်ယောက်တည်း ရှိတာ တစ်ခုခုဆို မကော်ပဲလုပ်ရတာ။ နောက် တိရိစ္ဆာန်လေးတွေလည်း ရှိတယ်။ သူတို့ကိုလည်း မကော်က ကြည့်ရသေးတယ်။ အဓိကကတော့ ထိုင်ဝမ်က ပြန်လာတော့ အလေးအပင်တွေ သယ်လိုက်တာကြောင့် ထင်ပါတယ်” လို့ ပြောပါတယ်။

အသက် ၄၈ နှစ်ထဲမှာရောက်ရှိနေပြီ ဖြစ်တဲ့ အဆိုတော် ကော်နီက ဖျော်ဖြေပွဲတွေမှာ တက်ကြွစွာ၊  ပရိသတ်နဲ့ အပေးယူမျှတစွာ ဖျော်ဖြေတက်တာကြောင့် အခုလို ခါးအကြောညပ်တာက သူ့အတွက် အနှောက်အယှက်တစ်ခု ဖြစ်လာမှာ စိုးရိမ်နေတယ်လို့ သိရပါတယ်။

ကော်နီက “မကော်က မသက်သာလို့ ဒေါက်တွေဘာတွေစီးမရဘူးဆိုရင် ရတယ် ပရိသတ်ကို ဖိနပ်ချွတ်ပြီးဖျော်ဖြေမယ်။ ဒါပေမယ့် မကော် ကံကောင်းတက်ပါတယ်။ ပရိသတ်နဲ့ တွေ့တဲ့ အခါမကော်အားလုံးကိုမေ့ပြီး သက်သာသွားမယ်လို့ ယုံကြည်ပါတယ်”

တူးတူး၊ ချစ်ကောင်း၊ ဟေမာနေဝင်းနဲ့ ကော်နီတို့ ပါ၀င်ဖျော်ဖြေမယ့် 80’s Classic Night (၈၀ ခုနှစ်ဂီတည) ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂၆ ရက် အမျိုးသားဇာတ်ရုံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required