ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီး ပါ၀င်မှု အပိုင်း(၁)

ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီး ပါ၀င်မှု အပိုင်း(၁)

ကျွန်တော်တို့ ဒီကနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ ကျွန်တော်တို့နိုင်ငံမှာ အရေးကြီးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့ ဒီဆွေးနွေးပွဲအတွက် ဖိတ်ခေါ်ထားတဲ့သူတွေကတော့ ဒေါ်မေစပယ်ဖြူဖြစ်ပါတယ်။ ဂျန်ဒါ အီကွဲလတီ နက်ဝပ် ဒါရိုက်တာဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဒေါ်နော်မေဦးဖြစ်ပါတယ်။ သူကတော့ ဂျိုင့်ပိဖန်းက အကြီးတန်းဆက်သွယ်ညှိနှိုင်းရေး အကြီးတန်း အရာရှိဖြစ်ပါတယ်။

ဆရာမ ဒေါ်မေစံပယ်ဖြူကို ပထမဆုံးမေးပါရစေ။

ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှ အရေးကြီးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ့၊ အဲဒါမှာ ဝေဖန်သံတွေထွက်နေတယ်၊ အမျိုးသမီးတွေရဲ့ပါဝင်မှုအခန်းကဏ္ဍက နည်းနေတယ်၊ ပြီးတော့ အမျိုးသမီးတွေရဲ့ အသံဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ရောက်မလာဘူးပေါ့။ ဒီနေရာမှာ ကျွန်တော်တို့ ဘာတွေများဖြစ်နေသလဲ။ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ ပါဝင်လာလို့ရှိရင် ငြိမ်းချမ်းရေးရဲ့ ပရောဆက်ကြီးက ဘယ်လောက်အထိ ချောချောမွေ့မွေ့ဖြစ်လာမလဲလို့ ဘယ်လိုမျှော်မှန်းလို့ရမလဲခင်ဗျ။

ဒေါ်မေစံပယ်ဖြူ

ဒါရိုက်တာ၊ ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်

အခုလိုမျိုး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အထူးသဖြင့် နိုင်ငံရဲ့လုံခြုံရေး ပြီးတော့စစ်ရေး၊ နိုင်ငံရေး စတဲ့အရေးကိစ္စတွေဟာ နိုင်ငံရဲ့အမျိုးသမီးတွေနဲ့ မဆိုင်ဘူး အမျိုးသမီးတွေနဲ့ မပတ်သက်ဘူးဆိုတဲ့အမြင်တွေဟာ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်ခွင့် မရရှိအောင် ဟန့်တားထားတဲ့ အတားအဆီးတွေဖြစ်တယ်လို့ မြင်ပါတယ်။ အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေရမလဲဆိုတာ ပြည်တွင်းက အမျိုးသမီးတွေရဲ့အမြင်နဲ့ပဲမဟုတ်ပါဘူး၊ နိုင်ငံတကာမှာလည်း အမျိုးသမီးတွေ ပါဝင်ခြင်းအားဖြင့် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပိုပြီးတော့ပြည့်စုံတယ် ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် ပိုပြီးတော့ အာမခံချက်ရှိတယ်ဆိုတဲ့အကြောင်းတွေကိုလည်း ကျွန်မတို့အမျိုးသမီးအဖွဲ့တွေက  စဉ်ဆက်မပြတ်ပြောဆိုလျက် ရှိပါတယ်။ ဒါပေမယ့်လည်း အခုလက်ရှိအချိန်အထိကတော့ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုနဲ့ အသံဟာ ကြေနပ်အားရလောက်အောင်တော့ မအောင်မြင်သေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။

မဇ္ဈိမ

ဆရာမ နော်မေဦး ဆရာမက နိုင်ငံတကာ အတွေ့အကြုံတွေလည်းရှိတော့ကာ အခု ဒေါ်စပယ်ဖြူရှင်းပြခဲ့တာတော့ ရှိပြီ ပြည်တွင်းအခြေအနေပေါ့၊ ဆိုတော့ တခြားနိုင်ငံတွေမှာကော ဥပမာပြောရရင် ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ သူတို့ပါဝင်လာအောင် ဘယ်လိုတွေလုပ်ကြသလဲ၊ ကျွန်တော်တို့နိုင်ငံက ဘယ်နိုင်ငံကို မော်ဒယ်ထားပြီးတော့မှ ငြိမ်းချမ်းရေးအတွက်ပဲဖြစ်ဖြစ် ဦးဆောင်မှုအခန်းကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်ဖို့ ဘယ်လိုလုပ်သင့်သလဲ။

နော်မေဦး

အကြီးတန်းဆက်သွယ်ညှိနှိုင်းရေး အရာရှိ ( Joint Peace Fund )

နိုင်ငံတကာမှာ ကျားမ တန်းတူရေးနဲ့ပတ်သက်ပြီးတော့ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပဋိပက္ခဖြေရှင်းတဲ့ကိစ္စတွေမှာ အမျိုးသမီးတွေပါလာတာက ဘာတွေကို အခြေခံသလဲ၊ ကျွန်မတို့ သင်ခန်းစာယူမယ်ဆိုရင်ပေ့ါလေ နံပါတ် ၁ က ဒီနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့အတွက် ဒီနိုင်ငံသားတွေက ပါရမယ်၊ အထူးသဖြင့် မြန်မာပြည်မှာ ၅၁ ရာခိုင်နှုန်း ကျော်ကျော်လောက်က အမျိုးသမီးဖြစ်တယ်ဆိုရင် ဒီ ၅၁ ရာခိုင်နှုန်းက မပါဘဲ ကျွန်မတို့က ဒီနိုင်ငံမှာ ဒီမိုကရေစီထွန်းကားတယ် ရှိတယ်လို့ ယူဆလို့မရဘူး။ နံပါတ် ၁ က အမျိုးသမီးများ ပါဝင်ရေးဟာ ဒီ ကျားမအရေးဟာ ဒီမိုကရေစီအရေးဖြစ်တယ်။

နံပါတ် ၂ က ဒါဟာ နိုင်ငံသားတာဝန်ဖြစ်တယ်။ အမျိုးသမီးတွေဟာလည်း အမျိုးသားများနဲ့ တန်းတူ ဒီနိုင်ငံရဲ့ရင်သွေး၊ ဒီနိုင်ငံသား ဒီနိုင်ငံသူတွေဖြစ်တယ်၊ ဆိုတော့ ဒီနိုင်ငံရဲ့အပြောင်းအလဲ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက်ကို လုပ်ဆောင်ဖို့ဆိုတာ ကဏ္ဍအသီးသီးကနေပြီးတော့ အနိမ့်ဆုံးကနေပြီးတော့ အမြင့်ဆုံးတာဝန်အထိ လုပ်ဆောင်ဖို့ရာ အမျိုးသမီးတွေရဲ့ နိုင်ငံသားတာဝန်ဖြစ်တယ်၊ လုပ်ဆောင်ပေးဖို့ရာ ဖန်တီးပေးဖို့ဆိုတာ နိုင်ငံသား အမျိုးသားအမျိုးသမီး အားလုံးရဲ့တာဝန်ဖြစ်တယ်။

နောက် တတိယအချက်က ဒါက နိုင်ငံတကာဥပဒေအောက်မှာ ကျွန်မတို့အပါဝင်ဖြစ်တယ် မြန်မာနိုင်ငံရဲ့တာဝန်ရှိတယ် အမျိုးသမီးတွေ ပါလာဖို့ဆိုတာ မြန်မာနိုင်ငံရဲ့အစိုးရရဲ့တာဝန်ရှိသလို မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက ဒီဥပဒေအောက်မှာ တာဝန်ရှိတယ်၊ ဥပမာဆိုလို့ရှိရင် ကျွန်မတို့မြန်မာနိုင်ငံဟာ ဟိုး ၁၉၅၀ ပတ်ဝန်းကျင်ကတည်းက အမျိုးသမီးများ နိုင်ငံရေးမှာ ပါဝင်ခွင့်ရှိတယ်ဆိုတာ လက်မှတ်ထိုးထားတာ ရှိတယ်၊ ဒါကို နိုင်ငံသားတော်တော်များများ ဒီကိစ္စကို မသိကြဘူး၊ ဆိုတော့ နိုင်ငံတကာဥပဒေ နိုင်ငံတကာ စာချုပ်စာတမ်းတွေကို အစိုးရတွေက နိုင်ငံခြားထွက်ပြီးတော့ အဆင်ပြေသလိုလုပ်ခဲ့ပြီးတော့ပြည်တွင်းထဲမှာ ဘာမှ အကောင်အထည်မဖေါ်တာ နိုင်ငံသားတွေကို အသိမပေးတာ တိုင်ပင်တာမျိုးမလုပ်တာကို  ကျွန်မတို့တွေ့ရတယ်။ အဲသလို ဒီမိုကရေစီမရှိ မထွန်းကားတဲ့အပေါ်မှာ ဒီလိုအမျိုးသမီးတွေရဲ့ ပါဝင်ခွင့်နဲ့ ပါဝင်မှုအလားအလာ ချုပ်ငြိမ်းတာကို တွေ့ရမယ်။

နောက်တစ်က ကုလသမဂ္ဂ လုံခြုံရေးညီလာခံကနေပြီးတော့ ထုတ်ပြန်ချက် အမှတ် ၁၃၂၅၊ အမျိုးသမီးများ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ အထူးသဖြင့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ ပါဝင် ဦးဆောင်နိုင်တဲ့ကဏ္ဍတွေ ပါဝင်နိုင်ဖို့ဆိုတာ ဒါ နိုင်ငံတကာဥပဒေ နိုင်ငံတကာ သဘောတူညီချက်တွေမှာ ရှိကိုရှိနေတာ၊ ဆိုရရင် တခြားနိုင်ငံတွေမှာက အထူးသဖြင့် ပွင့်လင်းတဲ့နိုင်ငံတွေမှာ ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေမှာက ကုလသမဂ္ဂမှာသွားပြီးတော့ ဒီလိုသဘောတူညီချက်တွေ လုပ်လာပြီဆိုရင် နိုင်ငံအသီးသီးရဲ့ လုပ်နည်းကိုင်နည်းနဲ့ အကောင်အထည်ဖေါ်ကြတာ ရှိတယ်။ မြန်မာပြည်မှာကတော့ အဲသလို မရှိခဲ့ဘူးပေါ့။ အဲသလိုမရှိခဲ့တဲ့အပေါ်မှာ အခုမှ ချက်ချင်းဆိုသလို အမျိုးသမီးများ နိုင်ငံရေးဆိုင်ရာ ပါဝင်နိုင်ခွင့်စပြီးပြောလာတဲ့အခါမှာမှ အသစ်အဆန်းလိုမျိုးဖြစ်နေတယ်၊ အမျိုးမျိုးသော သုတေသနပြုချက်အရက နိုင်ငံတဝှမ်းမှာ အထူးသဖြင့် ပဋိပက္ခနယ်မြေတွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချနိုင်တဲ့အခန်းကဏ္ဍက ပါဝင်ဖို့ဆိုတာက ဒီပဋိပက္ခကို ဘယ်လောက် အောင်မြင်အောင် ဖြေရှင်းနိုင်မလဲ ဒီအောင်မြင် ဘယ်လောက်တာရှည်ခံမလဲဆိုတာ အများကြီးသက်ရောက်မှု ရှိပါတယ်။

မဇ္ဈိမ

ဆရာမပြောသွားတဲ့အထဲမှာ နိုင်ငံတကာနဲ့ သဘောတူညီချက်တွေမှာ မြန်မာအစိုးရက လက်မှတ်ထိုးထားတာတွေ ရှိတယ် ဒီဟာတွေကိုလည်း အကောင်အထည်မဖေါ်နိုင်သေးဘူး၊ ပြီးခဲ့တဲ့  ပင်လုံညီလာခံမှာဆိုလို့ရှိရင် အမျိုးသမီးတွေ ပါဝင်နိုင်မှုက ၁၃ ရာခိုင်နှုန်းပဲလို့ သိရတယ်၊ မူအားဖြင့် သဘောတူထားတာကတော့ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ ပါဝင်ခွင့်ရမယ်ပေါ့၊ ၁၃ ရာခိုင်နှုန်းတော့ ပါဝင်ခွင့်ရပြီ ဒါပေမယ့် ဒီမျိုးသမီးတွေကလည်း သူတို့ရဲ့အသံတွေကို  ညီလာခံမှာ ဖေါ်ပြခွင့်မရဘူး ပြီးလို့ရှိရင် သူတို့ရဲ့ဆုံးဖြတ်ချက်တွေ ဒါမှမဟုတ် သူတို့ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကလည်း ဒီညီလာခံမှာ ပေါ်ပေါ်ထင်ထင် မတွေ့ရဘူးဆိုတော့ အဲဒါ ဘာ့ကြောင့်လဲ ဘာဖြစ်လို့လည်း ဒီအစိုးရကပဲ လုပ်နည်းကိုင်နည်း ဒါမှမဟုတ် သူ့ရဲ့လိုအပ်ချက်က ဘာများဖြစ်နေလို့လဲ။

ဒေါ်မေစံပယ်ဖြူ

ဒါရိုက်တာ၊ ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်

 

အမျိုးသမီးတွေ ပါဝင်ခွင့်ကို ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ စလုပ်ခဲ့တဲ့ အခြေခံမူ ၄ ရပ်မှာဆိုရင် အမျိုးသမီးတွေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ရအောင် လုပ်ဆောင်ပေးရမယ်ဆိုတဲ့အရာကို အခြေခံမူတစ်ရပ်အနေနဲ့ ဆုံးဖြတ်နိုင်ခဲ့တယ်ဆိုပေမယ့် ဒီကနေ့အထိ အကောင်အထည်မဖေါ်ရသေးတဲ့ အဓိကအကြောင်းရင်းကတော့ ဒီဖွဲ့စည်းပုံတွေ စံနစ်တွေကြောင့်ဖြစ်တယ်လို့ ကျွန်မတို့က မြင်ပါတယ်။ ဘာလို့လည်းဆိုတော့ အမျိုးသမီးတွေ ၃၀ ရာခိုင်နှုန်းပါနိုင်ဖို့ဆိုတာ အစုအဖွဲ့တိုင်းဟာ သူတို့ရဲ့အစုအဖွဲ့တွေမှာ အမျိုးသမီးတွေကို အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ပေးဖို့မူပေါ့နော် အဲဒါ ရှိဖို့လိုတယ်၊ ကျွန်မတို့ပြောချင်နေတာက အရေအတွက်အားဖြင့်ပဲ ကျွန်မတို့က ပြောချင်တာလိုချင်တာမဟုတ်ဘူး၊ ကျွန်မတို့က အရေအတွက်ကော အရည်အချင်းကော လိုချင်တာဖြစ်ပါတယ်။ အဲဒီတော့ အမျိုးသမီးတွေကို ပါဝင်စေဖို့အတွက် ကျွန်မတို့တတွေ တိုက်တွန်းပြောဆိုတဲ့အခါတိုင်းမှာ အမြဲတန်း ရလေ့ရှိတဲ့ရလဒ်က ဘာလဲဆိုရင် သူတို့နဲ့ သင့်ရာသင့်ရာ အမျိုးသမီးတွေပေါ့ အထူးသဖြင့်တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေရဲ့အမျိုးသမီးတွေ သူတို့ရဲ့ဇနီးတွေ ဒါမှမဟုတ်ရင်လည်း သူတို့နဲ့နီးစပ်ပတ်သက်သူအမျိုးသမီးတွေကို အရေအတွက်အားဖြင့် ပြနိုင်ဖို့အတွက် ထည့်သွင်းလာကြတာ တွေ့ရတယ်။

အဲတော့ တဖက်မှာကျွန်မတို့က အရေအတွက်ပြနိုင်ဖို့ရာလိုအပ်သလို အဲဒီအရေအတွက် ပြည့်မီဖို့အတွက်ဆိုပြီးတော့ ဒီ ဘာမှ အမျိုးသမီးတွေရဲ့ အရေးကိစ္စကို ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးနိုင်ခြင်းမရှိတဲ့ ကိုယ်စားပြုဆွေးနွေးနိုင်ခြင်းမရှိတဲ့ အမျိုးသမီးတွေကို အိမ်ဖြည့်အားဖြင့် ထည့်သွင်းလာတာမျိုးကိုလည်း ကျွန်မတို့က မလိုချင်ပါဘူးပေါ့။ အဲသလိုအမျိုးသမီးတွေ ပါဝင်လာမှုဟာလည်း အဓိပ္ပါယ်ပြည့်ဝတဲ့ ပါဝင်မှု မဟုတ်ပါဘူး။ ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာ နီးစပ်ရာ အမျိုးသမီးတွေ ခေါ်ြ့ပီးတော့မှ ထည့်သွင်းပြီး အရေအတွက် တိုးအောင်လုပ်တာမျိုးထက် တကယ်ပဲ တိုင်းရင်းသား လူမျိုးစုအလိုက် ပြီးတဲ့အခါ လုပ်ကိုင်နေသည့် လုပ်ငန်းကျွမ်းကျင်မှု ဧရိယာအလိုက် သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ထူးချွန်ထက်မြက်တဲ့အမျိုးသမီးတွေ အများကြီးပဲရှိပါတယ်။ အဲဒီအမျိုးသမီးတွေကို သေသေချာချာ စာရင်းဇယားပြုလုပ်ပြီးတော့ အဲဒီအမျိုးသမီးတွေရဲ့အသံနဲ့ သူတို့ကိုယ်စားပြုနေတဲ့အမျိုးသမီးတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ပြဿနာတွေကို ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ စနစ်တကျ ထည့်သွင်းနိုင်အောင် မူဝါဒအနေနဲ့ ချမှတ်ဆောင်ရွက်သင့်တယ်၊ ပြီးတဲ့အခါမှာလည်း ဒီလို ကျားမရေးရာကိစ္စတွေမှာ အထူးပြုဆောင်ရွက်နေတဲ့ အမျိုးသမီးအဖွဲ့ဝင်တွေနဲ့ လက်တွဲဆောင်ရွက်သင့်တယ်လို့ ကျွန်မတို့က အကြံပြုလိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required