လပွတ္တာခရိုင်အတွင်း ကျေးရွာများမှ မြို့ပေါ်သို့ မုန်တိုင်းရှောင်ရန် ပြောင်းရွှေမှုများရှိနေ

လပွတ္တာခရိုင်အတွင်း ကျေးရွာများမှ မြို့ပေါ်သို့ မုန်တိုင်းရှောင်ရန် ပြောင်းရွှေမှုများရှိနေ
လပွတ္တာမြို့၊ကျိုက်ထီးရိုးကျောင်းသို့ ကျေးလက်ဒေသမှ မုန်တိုင်းရှောင် ၃၀၀ကျော်ရောက်ရှိနေသည်ကို အောက်တိုဘာ ၂၃ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ကိုအောင်ကျော်စိုး)

ပုသိမ်၊ အောက်တိုဘာ ၂၃ ။              ။ ဧရာဝတီတိုင်း လပွတ္တာခရိုင်ရှိ လပွတ္တာမြို့အတွင်းရှိ ပင်လယ်ကျေးရွာများမှ ဒေသခံများမှာ အောက်တိုဘာလ၂၃ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြို့ပေါ်ကယ်ဆယ်ရေးစခန်းများသို့ မုန်တိုင်းရှောင်ရန် ပြောင်းရွှေ့လာကြကြောင်း သိရသည်။

လက်ရှိတွင် လပွတ္တာမြို့ပေါ်၌ ကယ်ဆယ်ရေးစခန်းသုံးခုအား လေးထပ်ကျောင်း၊ ကျိုက်ထီးရိုးကျောင်းနှင့် ကိုးနဝင်းကျောင်းများတွင် ဖွင့်လှစ်ထားရသည်။

"မုန်တိုင်းရှောင်ပြည်သူတွေ အခုထိ ရောက်လာတယ်။ ၁၅၀၀လောက်ရှိပြီ။ ထပ်လည်း တက်လာနေတုန်းပဲ။ သက်ဆိုင်ရာအုပ်ချုပ်ရေးကော ကိုယ်စားလှယ်တွေ မုန်တိုင်းရှောင် ပြည်သူတွေအတွက်  လုပ်ပေးနေတယ်။ ကျွန်တော်တို့ ဒေသက မုန်တိုင်းဆိုကြောက်နေပြီး အစိုးရက အခုဆို သတင်းကို အချိန်နဲ့တပြေးညီထုတ်ပြန်ပေးတော့ ပိုပြီးပြည်သူဘဝလုံခြုံတာပေါ့”ဟု လပွတ္တာနေ ဦးအောင်ကျော်စိုးက အောက်တိုဘာ ၂၃ရက် ညနေပိုင်းက မဇ္ဈိမသို့ ပြောသည်။

လပွတ္တာမြို့သို့ ပင်လယ်ကမ်းခြေကျေးရွာနေပြည်သူများ စက်လှေများဖြင့် မြို့ပေါ်သို့ မုန်တိုင်းရှောင်ရန်လာရောက်နေခြင်းဖြစ်သည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ခရိုင်လေးခုလုံး၌ ကျောင်းများအားလုံးကို ပိတ်ထားလိုက်ပြီဟု တိုင်းပညာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ၂၄နာရီအတွင်း အားပြင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ပြီး လိမ္မော်ရောင်အဆင့်မှ အနီရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ဧရာဝတီတိုင်းအတွင်း လိုက်လံနှိုးဆော်လျက်ရှိသည်။

မုန်တိုင်းသည် ဟိုင်းကြီးကျွန်း အနောက်တောင်ဘက် ၈၅မိုင်၊ ပုသိမ်မြို့အနောက်တောင် ၁၁၅မိုင်အကွာ၊ ဂွမြို့အနောက်တောင်ဘက ်၁၅၅မိုင်အကွာ၊ ရန်ကုန်မြို့၏ အနောက်တောက်ဘက် ၂၀၅မိုင်အကွာ ပင်လယ်ပြင်ဗဟိုပြုပြီး နောက်ထပ်၁၂နာရီတွင် ဆိုင်ကလုန်းဖြစ်နိုင်ကြောင်း၊ အရေးကြီးစာရွက်စာတမ်းများနှင့် အဖိုးတန်ပစ္စည်းများ သိမ်းဆည်းထာရန် သတိပေးနှိုးဆော်မှုများ   ပြုလုပ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required