ဂိုးသမား ဘရာဗိုက အမှားကိုဝန်ခံခဲ့ပြီး နည်းပြ ဂွါဒီယိုလာက အပြစ်မတင်ကြောင်း ပြော

ဂိုးသမား ဘရာဗိုက အမှားကိုဝန်ခံခဲ့ပြီး နည်းပြ ဂွါဒီယိုလာက အပြစ်မတင်ကြောင်း ပြော

အောက်တိုဘာ ၂၀၊ အင်္ဂလန် ။              ။ ဘာစီလိုနာကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် အမှားပြုလုပ်ခဲ့သည့် ဂိုးသမားဘရာဗိုကို မပြစ်မတင်ကြောင်းနှင့် ဘရာဗိုကိုသာ မိမိ၏ပထမဦးစားပေးဂိုးသမားဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

ဂိုးသမား ဘရာဗိုကလည်း ဘာစီလိုနာကိုရှုံးနိမ့်ခဲ့ရခြင်း၏အဓိက တရားခံမှာ ၎င်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ‘ ကျွန်တော့်မှာ အများကြီးတာဝန်ရှိပါတယ်။ ကျွန်တော်အထုတ်ခံလိုက်ရလို့ ပွဲအခြေအနေက လုံးဝပြောင်းလဲသွားတာပါ။ ကျွန်တော်တို့အသင်းဟာ ကောင်းကောင်းကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်းဖန်တီးနိုင်ခဲ့ပါတယ်’ ဟု ဘရာဗိုက ပြောဆိုခဲ့သည်။

ဘာစီလိုနာအသင်းက ၁-၀ ဂိုးဖြင့်အနိုင်ရနေသည့်အချိန်တွင် ဘရာဗိုသည် နောက်ခံလူဆီသို့ ဘောလုံးပေးပို့ရာတွင် ချော်ပြီး ဆွာရက်ဇ်ဆီကိုရောက်ရှိခဲ့သည်။ ဆွာရက်ဇ်က ၎င်းအားကျော်သွင်းချိန်တွင် ဘရာဗိုမှာ ဧရိယာစည်းအပြင်သို့ရောက်နေသော်လည်း ပုတ်ထုတ်ကာကွယ်ခဲ့သောကြောင့် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ဘရာဗိုထုတ်ပယ်ခံရပြီးနောက်တွင် ဘာစီလိုနာက တစ်ဖက်သတ်ဖိကစားခဲ့ပြီး နောက်ထပ်သုံးဂိုးသွင်းယူခဲ့သည်။

‘ဘရာဗိုနဲ့ကျွန်တော် စကားပြောပြီးပါပြီ။ ဒီအဖြစ်အပျက်အတွက် သူစိတ်ပျက်နေပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပွဲတစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဘောလုံးပွဲဆိုတာ အမှားအယွင်းဖြစ်တတ်တဲ့ အားကစားပါ။ ဒီအဖြစ်အပျက်ကနေ ဘရာဗို သင်ယူသွားပါလိမ့်မယ်။ ဒီလိုဖြစ်ခဲ့လို့ သူ့ရဲ့အပေးယုံကြည်မှုလျော့သွားမှာ မဟုတ်ပါဘူး’ ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။

ဘရာဗို၏အသင်းဖော်ဟောင်း ဘာစီလိုနာဂိုးသမား တာစတီဂန်ကလည်း ဘရာဗို၏အမှားမှာ ဂိုးသမားများ၏ဘဝသာဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required