ကျိုက္ကော်တွင် စစ်ကောင်စီလက်အောက်ခံ စရဖ/စအဖ ပစ်ခတ်ခံရပြီး သေဆုံး

By YT(မဇ္ဈိမ)
30 November 2023
ကျိုက္ကော်တွင် စစ်ကောင်စီလက်အောက်ခံ စရဖ/စအဖ ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ သထုံမြိို့နယ်၊ သုဝဏ္ဏဝတီမြို့ ( ကျိုက္ကော်) တွင် စစ်ကောင်စီလက်အောက်ခံ စရဖ/ စအဖ တဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ကျိုက္ကော်၊ တိုင်ကောက်ရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ်ရှိ ဦးသန်းနိုင်သည် ၎င်းနေထိုင်သည့် ရပ်ကွက်လမ်းထိပ်ရှိ မုန့်ဟင်းခါးဆိုင်သို့ ကားဖြင့် ထွက်လာရာ မုန့်ဟင်းခါးဆိုင်အနီး အရောက် ကားပေါ်မှ အဆင်းတွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်။

" ဦးသန်းနိုင်ပါ၊ သိမ်ဆိပ် စရဖရုံး အင်ဖော်မာပေါ့။ သူ့အိမ်ကနေကားနဲ့ထွက်လာပြီး လမ်းဝမုန့်ဟင်းခါးဆိုင်မှာဝင်မလို့ ကားပေါ်ကအဆင်း လူငယ်သုံးဦးဆိုင်ကယ်နဲ့ရောက်လာပြီးပစ်တာ။ တောင်းပန်သေးတယ် ( လာပစ်တဲ့သူတွေကို) ပစ်တာ သုံးချက်လို့သိရတယ်။ ဆုံးသွားပါပြီ" ဟု ကျိုက္ကော်ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းနိုင်​၏ ညာဘက်ရင်ဘက်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူစဉ် သေဆုံးသွားကြောင်း သိရသည်။

ဦးသန်းနိုင်သည် ကျိုက္ကော်၊ သိမ်ဆိပ် စရဖ/ စအဖ တဦးဖြစ်၍ ၎င်းအား သထုံမြို့ပြ အထူးပြောက်ကျားအဖွဲ့​၏ တပ်ဖွဲ့ဝင်များက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့တာဝန်ရှိသူတဦးထံက သိရသည်။

" ကျွန်တော်တို့ သထုံမြို့အထူးပြောက်ကျားအဖွဲ့ကပဲ ရှင်းလိုက်တာပါ။ သူက စအဖ ကပါ။ သူ့ကို ရှင်းဖို့ အချိန်ယူတာ ရှစ်လကျော်ပါပြီ။ သင်္ကြန်မကျခင်ကလည်း တခါ သွားရှင်းသေးတယ်၊ ပစ်တာ မထိလိုက်ဘူး" ဟု သထုံမြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ဦးသန်းနိုင် ပစ်ခတ်ခံရပြီးနောက်တွင် တိုင်ကောက်ရပ်ကွက်သို့ စစ်ကောင်စီတပ်သားများ၊ ရဲများ ရောက်ရှိလာခဲ့ပြီး အနီးတဝိုက်အား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း သထုံမြို့နယ် ကြာပန်းကျေးရွာမှ စစ်ကောင်စီတပ် အငြိမ်စား ဗိုလ်ကြီးဝင်းနောင်သည် ၎င်း၏ နေအိမ်တွင်ရှိနေစဉ် သထုံမြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့်လာရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရ၍ နေရာ၌ပင် သေဆုံးခဲ့သည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly