လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ကျ မြန်မာ ၂ ဦး ကျန်းမာရေးကောင်းမွန်

လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ကျ မြန်မာ ၂ ဦး ကျန်းမာရေးကောင်းမွန်
ဓာတ်ပုံ-အီးပီအေ

ချင်းမိုင်၊ အောက်တိုဘာလ ၂၀  ။            ။ ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် သေဒဏ် ကျခံနေရသော မြန်မာလုပ်သားနှစ်ဦးသည် ကျန်းမာရေး ကောင်းမွန်နေကြောင်း အောက်တိုဘာလ ၂၀ ရက်က ထောင်ဝင်စာသွားတွေ့ခဲ့သော မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ဘန်ကောက်မြို့ရှိ ဘန်ခွမ်အကျဉ်းထောင်တွင် အကျဉ်းကျနေသော မြန်မာလုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့နှင့် ယနေ့ နံနက် ၈ နာရီမှ ၁၁ နာရီထိ တွေ့ဆုံစကားပြောခွင့် ရရှိခဲ့သည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“သူတို့နှစ်ယောက်က ကျန်းမာရေးကောင်းပါတယ်။ အပြင်မှာ မဟုတ်မှန်သတင်းတွေ ထွက်နေတာကလွဲရင်လေ။ မောင်ဇော်လင်းက ရာသီဥတုအပြောင်းအလဲကြောင့် ဝက်ခြံတွေ နည်းနည်းလေးထွက်တယ်။ အဲဒါကလွဲရင် နှစ်ယောက်စလုံး ကျန်းမာပါတယ်။ သူတို့ကို သံရုံးက ဒီလိုလာကြည့်တဲ့အတွက် ဝမ်းသာအားရနဲ့ စကားပြောရတယ်”ဟု သူတို့က ပြောတယ်ဟု ဦးအောင်မျိုးသန့်က ဆိုပါတယ်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဒေါ်ဝင်းစန္ဒီ၊ ဒုတိယ အတွင်းဝန် ဦးစိုပြည်ငြိမ်းချမ်း၊ မြန်မာသံရုံး အထူးစုံစမ်းရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်၊ ဦးကျော်သောင်းတို့ သွားရောက်   တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာလုပ်သား နှစ်ဦးမှ ကိုဇော်လင်းမှာ ကျန်းမာရေးမကောင်းကြောင်း သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း ယနေ့ ထောင်ဝင်စာသွားရောက်တွေ့ဆုံခဲ့ရာ ၎င်းတို့ နှစ်ဦးလုံးမှာ ကျန်းမာရေး ကောင်းမွန်နေကြောင်း သူကပြောသည်။

“သူတို့လည်း ပြောပါတယ်။ ကျနော်တို့လည်း အပြင်မှာသတင်းထွက်နေတာ မသိဘူး။ ကျနော်တု့ိဆီကို လာစေချင်လို့ ပြောတာပါ။ ကျန်းမာရေးနဲ့ ပတ်သက်တာတော့ ဘာမှမရှိပါဘူးလို့ ပြောတယ်၊ တချို့က သံရုံးကို လာစေ ချင်လို့များ ပြောတာလား မသိပါဘူး။ အရင်က နေမကောင်းတာရှိလားလို့ မေးတော့ မရှိပါဘူးလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလ ၅ ရက်က သူတို့နှစ်ဦးအား ထောင်ဝင်စာ သွားရောက်တွေ့ခဲ့သူ ကိုကျော်မျိုးက ကိုဇော်လင်းက ကျန်းမာရေး မကောင်းဖြစ်နေပြီး ခန္ဓာကိုယ် ရောင်ရမ်းနေသည်ကို တွေ့ရကြောင်း သတင်းထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ အမှုကို တရာခံ ရှေ့နေများဘက်မှ တင်ပြသည့် အယူခံအပေါ် အယူခံ တရားရုံး မှ တရားသူကြီးက သုံးသပ်၍ အစိုးရ ရှေ့နေများအား ပြန်လည် ဖြေရှင်းချက်ကို စက်တင်ဘာလ ၂၇ ရက်က နောက်ဆုံး ဖြေရှင်းချက်ပေးခဲ့ပြီး ဖြစ်၍ အယူခံ တရားရုံး၏ အမိန့် ချမှတ်မည့်အဆင့်သာ ရှိနေကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“ဒီနေ့တော့ ဝင်းဇော်ထွန်းအကောင့်မှာ ငွေနည်းတယ်ဆိုလို့ ငွေထည့်ခဲ့ပေးတယ်။ သူတို့ ဝယ်ချင်တာ ဝယ်လို့ရအောင်။ နောက်ပြီးတော့ သူတို့သိချင်တာတွေ ပြောပြခဲ့တယ်။ မြန်မာသံရုံးက ထောင်ထဲကို မလာနိုင်ပေမဲ့ သူတို့ အမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်က ဥပဒေအကြံပေး အကြံဉာဏ်ကို ရယူပြီး ထိုင်းလို ဘာသာပြန်ပြီးတော့ ထိုင်းရှေ့ နေများ ကောင်စီကို ပေးပြီး အယူခံကို အကောင်းဆုံးဖြစ်အောင် တင်တယ်လို့၊ နှစ်ဖက်လျှောက်လဲချက်ကအစ ရှင်းပြပေး ခဲ့ တယ်။ အယူခံ တရားရုံးရဲ့ အမိန့်ကို နားထောင်နေတဲ့အဆင့် ရောက်နေပြီဆိုတာကိုလည်း ပြောပြခဲ့တယ်” ဟု သူက ပြောသည်။

ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့သည် စာဖတ်လိုကြောင်း ပြောဆိုခဲ့သဖြင့် မြန်မာသံရုံးအဖွဲ့က Dictionary စာအုပ်နှင့် ငွေသွင်းပေးခဲ့ရသည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်းတွင် ဗြိတိန်နိုင်င့သား အသက် ၂၄ နှစ်အရွယ် ဒေးဗစ်ဖော လာနှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ချ်တို့ နှစ်ဦး အသတ်ခံရမှုဖြင့် လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်နေသော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ဖမ်းဆီးအရေးယူခဲ့ပြီး သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly