UEFA Golden Boy award ဆန်ခါတင်စာရင်းတွင် ရက်ရှ်ဖို့ဒ်၊ အယ်လီနှင့် ဆန်းချက်ဇ်တို့ ဦးဆောင်

UEFA Golden Boy award ဆန်ခါတင်စာရင်းတွင် ရက်ရှ်ဖို့ဒ်၊ အယ်လီနှင့် ဆန်းချက်ဇ်တို့ ဦးဆောင်

စက်တင်ဘာ ၃၀ ။                  ။ UEFA Golden Boy award(ဥရောပရွှေရောင်မျိုးဆက် အကောင်းဆုံး ကစားသမားဆု)အတွက် ဆန်ခါတင် ကစားသမား အယောက် ၄၀ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မန်ယူ၏ ရက်ရှ်ဖို့၊ စပါး၏ အယ်လီနှင့် ဘိုင်ယန်မြူးနစ်မှ ရီနာတိုဆန်းချက်ဇ်တို့က ဦးဆောင် ပါဝင်လာခဲ့သည်။

UEFA Golden Boy award ဆုမှာ ၂၀၀၃ ခုနှစ်က စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၁ နှစ်အောက်ကစားသမားများကိုသာ ပေးအပ်ခြင်းဖြစ်သည်။ ဥရောပတစ်ဝှမ်းရှိ နာမည်ကြီးသတင်းစာအစောင် ၃၀ မှ အားကစားကလောင်ရှင်များက ရွေးချယ်ပေးအပ်ခြင်းဖြစ်ပြီး ထိုဆုကို မက်ဆီ၊ ပေါ့ဂ်ဘာစသည့်ကစားသမားများ ရရှိခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်က အကောင်းဆုံးကစားသမားဆုကို မန်ယူတိုက်စစ်မှူး မာရှယ်က ရရှိခဲ့သည်။

ဆန်ခါတင် အယောက် ၄၀ စာရင်းတွင် ပရီးမီးယားလိဂ်မှ ကစားသမား ၁၀ ဦးပါဝင်ခဲ့သည်။ ယခုဆန်ခါတင်စာရင်းတွင် ပါဝင်လာသည့် ထိပ်တန်းလူငယ်ကစားသမားများမှာ ရီနာတိုဆန်းချက်ဇ်(ဘိုင်ယန်)၊ ရက်ရှ်ဖို့(မန်ယူ)၊ ဆာနီ(မန်စီးတီး)၊ ဒမ်ဘီလီ(ဒေါ့တ်မွန်)၊ အိုင်ဝိုဘီ(အာဆင်နယ်)၊ ကိုးမန်း(ဘိုင်ယန်)၊ ဘာဘိုဆာ(အင်တာမီလန်)၊ အဆန်စီရို(ရီးယဲလ်)၊ အယ်လီ(စပါး)၊ အိုင်ဟီနာချို(မန်စီးတီး)၊ ဒွန်နာရမ်မာ(အေစီမီလန်)တို့ ဖြစ်ကြသည်။

ယခုနှစ်ဆုကို ရက်ရှ်ဖို့ဒ် သို့မဟုတ် ပရီးမီးယားလိဂ်ကစားသမားတစ်ဦးဦးသာ ရရှိခဲ့ပါက နောက်ဆုံး ၁၃ ကြိမ်တွင် ပရီးမီးယားလိဂ်မှ ခြောက်ကြိမ်မြောက် ဆွတ်ခူးနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်သွားမည် ဖြစ်သည်။ ယခင်က ရွန်နီ၊ အန်ဒါဆင်၊ စတာလင်း၊ ဘာလော့တယ်လီနှင့် မာရှယ်တို့က ထိုဆုကို ရရှိခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required