ကိုယ်စားလှယ်များအနေဖြင့် သိက္ခာချသော မေးခွန်းများ မမေးမြန်းရန် တိုင်းလွှတ်တော် ဥက္ကဋ္ဌ အသိပေး

ကိုယ်စားလှယ်များအနေဖြင့် သိက္ခာချသော မေးခွန်းများ မမေးမြန်းရန် တိုင်းလွှတ်တော် ဥက္ကဋ္ဌ အသိပေး
စက်တင်ဘာ ၂၉ရက်တွင် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကျင်းပနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- မျိုးသူအောင်/မဇ္ဈိမ)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ။             ။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းများ မေးမြန်းရာတွင် မသင့်တော်သောအသုံးအနှုန်းများ၊ ဂုဏ်သရေကို ထိခိုက်စေသော အသုံးအနှုန်းများနှင့် အခြားပုဂ္ဂိုလ်များအား သိက္ခာချသော မေးခွန်းများ မဖြစ်စေရေး သတိပြုကြရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက အသိပေးပြောကြား လိုက်သည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

" မဆီလျှော်သောအကြောင်းပြချက်များ၊ ခိုင်လုံသော အထောက်အထားမပါရှိသည့် ယူဆချက်များ၊ မသင့်တော်သော အသုံးအနှုန်းများ၊ ဂုဏ်သရေကို ထိခိုက်စေသော ဖော်ပြချက်များ မပါရှိစေရပါဘူး။ မိမိကိုယ်ကို မိမိအမွှန်းတင်သော အခြားပုဂ္ဂိုလ်များအား သိက္ခာချသော မေးခွန်းများစေရန် သတိပြုကြစေလိုကြောင်း အသိပေးအပ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောကြားခဲ့သည်။

ထို့အပြင်  အကြောင်းကိစ္စ တစ်စုံတစ်ခုအား သိလို၍ စုံစမ်းမေးမြန်းသော အချက်သာ ပါရှိရမည်ဖြစ်ပြီး ရှင်းလင်းလွယ်ကူစွာ နားလည်စေရန်နှင့် မိမိဖော်ပြချက်မှန်ကန်ကြောင်း လွှတ်တော် ကိုယ်စားလှယ်က တာဝန်ခံရမည် ဖြစ်ကြောင်းလည်း ဆိုသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော် တတိယ ပုံမှန်အစည်းဝေး ပထမနေ့တွင် မေးခွန်း (၈)ခု မေးမြန်းခဲ့ပြီး အဆိုနှစ်ခု တင်သွင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required