ထိုင်းစစ်အစိုးရက နှိပ်စက်ညှင်းပန်းမှုများ မျိုးစေ့ချပေးနေဟု AI အဖွဲ့ အစီရင်ခံစာထုတ်

ထိုင်းစစ်အစိုးရက နှိပ်စက်ညှင်းပန်းမှုများ မျိုးစေ့ချပေးနေဟု AI အဖွဲ့ အစီရင်ခံစာထုတ်

ဘန်ကောက်၊ စက်တင်ဘာ ၂၉ ။                   ။ ထိုင်းနိုင်ငံက အာဏာသိမ်းစစ်အစိုးရသည် အာဏာရစဉ်မှစကာ နှိပ်စက်ညှင်းပန်းမှုများ ကြီးထွားအောင် လျစ်လျုရှုခွင့်ပြုပေးနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က အစီရင်ခံစာ ထုတ်ပြန်သည်။

စစ်သားနှင့် ရဲများ ကျုးလွန်သော ရိုက်နှက်စစ်ဆေးခြင်း၊ ရေမွန်းစေခြင်းကဲ့သို့သော စစ်ဆေးမှု နည်းလမ်းများ အပါအဝင် နှိပ်စက်ညှင်းပန်းမှု ၇၄ မှုနှင့် အခြား မဖွယ်မရာဆက်ဆံမှုများကို ထုတ်ပြန်ထားသည်။

နိုင်ငံရေးမတည်ငြိမ်မှုများ လချီဖြစ်ပွားပြီးနောက် ၂၀၁၄ ခုနှစ်က ထိုင်းစစ်တပ်က နိုင်ငံရေးတည်ငြိမ်ရေးကို ထိန်းသိမ်းရန် ကြေညာကာ အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

နှိပ်စက်ညှင်းပန်းသည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ထိုင်းစစ်အစိုးရက ငြင်းဆန်ထားသည်။

“ဒီလိုစွပ်စွဲချက်တွေအရ ကျွန်တော်တို့ စစ်ဆေးရေးဆင်းတဲ့အခါမှာ ဘယ်လိုနှိပ်စက်ညှင်းပန်းမှုမျိုးကိုမှ မတွေ့ရပါဘူး။ ဒီလို နှိပ်စက်ညှင်းပန်းတယ် ဆိုတာမျိုး အရိပ်အယောင်တောင် မတွေ့ပါဘူး။”ဟု ဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ကီကမ်နက်က ပြောသည်။

AI အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်မှုကို ဘန်ကောက်တွင် စက်တင်ဘာ ၂၈ ရက်က သတင်း စာရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ခဲ့သည်။

သို့သော်လည်း တာဝန်ရှိသူများက အလုပ်သမား ဥပဒေဖြင့် ဖမ်းဆီးမည်ဟု သတင်းစာ ရှင်းလင်းမည့် သူများအား သတိပေးလာခြင်းကြောင့် နောက်ဆုံး မိနစ်အလိုမှ ပွဲအစီအစဉ်အား ဖျက်ခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required