ပါကစ္စတန်က အကြမ်းဖက်ဝါဒကို မွေးထုတ်ပေးနေဟု အိန္ဒိယဝန်ကြီးချုပ် ပြစ်တင်ပြော

ပါကစ္စတန်က အကြမ်းဖက်ဝါဒကို မွေးထုတ်ပေးနေဟု အိန္ဒိယဝန်ကြီးချုပ် ပြစ်တင်ပြော

မွမ်ဘိုင်း၊ စက်တင်ဘာ ၂၅ ။        ။ ပါကစ္စတန်နိုင်ငံသည် အကြမ်းဖက်ဝါဒအား မွေးထုတ်ပေးသည်ဟု အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက စက်တင်ဘာ ၂၄ ရက်က ပြောလိုက်ပြီး တစ်ကမ္ဘာလုံးက ဖယ်ကြဉ်အောင် လုပ်ဆောင်သွားမည်ဟု ပြောသည်။

ပါကစ္စတန်အပေါ် အိန္ဒိယဖက်က အပြစ်ဆိုထားသည့် ကက်ရှ်မီးယားတွင် အိန္ဒိယစစ်စခန်း စက်တင်ဘာ ၁၈ ရက်က တိုက်ခိုက်ခံရပြီးနောက် ယခုမှတ်ချက်စကားအား ပြောကြားလာခြင်းလည်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုတွင် အိန္ဒိယစစ်သား ၁၈ ဦး ကျဆုံးပြီး ၁၄ နှစ်တာအတွင်း အငြင်းပွား ဟိမဝန္တာအရပ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အကြီးမားဆုံး တိုက်ခိုက်ခံရမှုလည်းဖြစ်သည်။

“ပါကစ္စတန်ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေကို အိန္ဒိယ၊ ပါကစ္စတန် နှစ်နိုင်ငံ ဘယ်လို အတူတကွ လွတ်လပ်ရေး ရခဲ့သလဲဆိုတာ မေးကြည့်သင့်တယ်။ အိန္ဒိယက ဆော့ဖ်ဝဲ ထုတ်လုပ်တင်ပို့နေပြီး ပါကစ္စတန်ကတော့ အစွန်းရောက်တွေကို မွေးထုတ်ပေးနေတာဖြစ်တယ်။”ဟု မိုဒီက ဆိုသည်။

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်အား အငြင်းပွားကက်ရှ်မီးယားဒေသ၌ စစ်သွေးကြွအုပ်စုများကို ကျောထောက်နောက်ခံ ပြုနေသကဲ့သို့ အိန္ဒိယနိုင်ငံ အခြားဒေသများ၌ အကြမ်းဖက်တိုက်ခိုက်မှုများ   ဆောင်ရွက်ရန် တိုက်ခိုက်ရေးသမားများလည်း စေလွှတ်နေကြောင်း ရေရှည်စွပ်စွဲလာခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်က အိန္ဒိယ၏ စွပ်စွဲမှုများကို ငြင်းပယ်ပြီး လုံလောက်သည့် သက်သေမပြဘဲ စွပ်စွဲနေခြင်းဟု ပြောဆိုသည်။

စစ်စခန်းတိုက်ခိုက်ခံရမှုအတွက် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားသင့်ကြောင်း ပြောဆိုဆွေးနွေးသည့် BJP ပါတီအစည်းအဝေးတွင် ဝန်ကြီးချုပ် မိုဒီက ယခုကဲ့သို့ မှတ်ချက်ပြု   ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required