ငြိမ်းချမ်းရေး ဆွေးနွေးနေချိန် တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း DPN က ခေါင်းဆောင်ပြော

ငြိမ်းချမ်းရေး ဆွေးနွေးနေချိန် တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် စိတ်မကောင်းဖြစ်ရကြောင်း DPN က ခေါင်းဆောင်ပြော
ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဦးအောင်ကြည်၊ ဦးအောင်စိုးနှင့် ဦးမင်းဇော်ဦးနှင့် ဦးကျော်သူရတို့ လေးဦးနှင့် DPN မှ ခေါင်းဆောင် ခူဦးရယ်နှင့် အဖွဲ့ဝင် ၁၀ ဦးတို့ တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။ ဓာတ်ပုံ-ဖနိဒါ

ချင်းမိုင်၊ စက်တင်ဘာ ၂၅ ။            ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်တွင် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုအပေါ် စိတ်မကောင်းဖြစ်ရသည်ဟု နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင် ခူဦးရယ်က ပြောသည်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်များဖြစ်သော ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ရှန်ဂရီလာဟိုတယ်(Shangri-la)တွင် စက်တင်ဘာလ ၂၅ ရက်က တွေ့ဆုံစဉ် ခူဦးရယ်က အဖွင့်မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးလိုချင်လို့ ကျနော်တို့ အရဲစွန့်ပြီးတော့ တတ်နိုင်သလောက် သူ့ဘက်ကိုယ့်ဘက် အလျော့အတင်းလုပ်ဖို့ ပြင်ဆင်ကြိုးစားနေတဲ့ တချိန်ထဲမှာ မြေပြင်မှာ အဲဒီလို တိုက်ပွဲတွေ ဖြစ်နေတဲ့အခါကြတော့ စားပွဲဝိုင်းမှာ ပြောရဆိုတဲ့ အကြောင်းအရာတွေဟာ တခါတလေ ခေါင်းကနေ လွင့်စင်သွားတာမျိုးတွေကို ကျနော်ကြုံဖူးပါတယ်။ အခုလည်း ဒီအခြေအနေမျိုးကိုပဲ ပြန်ဆိုက်ရောက်နေတယ်လို့ ကျနော်ခံစားရတယ်”ဟု ခူဦးရယ်က မိန့်ခွန်းတွင် ပြောသည်။ 

၎င်းတို့အနေဖြင့် နိုင်ငံတကာ မျက်နှာစာ စားပွဲဝိုင်းတွင် ပြုံးပျော်ရွှင်စွာ လက်ဆွဲနုတ်ဆက်၍ ငြိမ်းချမ်းရေးစကားပြောနေချိန်တွင် မြို့နှင့် အလှမ်းဝေးသည့် ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ပြည်သူများ ပြေးလွား၊ ငိုကြွေးနေမှုအကို အာရုံမရောက်ကြသဖြင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဖြေရှာရန် လိုအပ်သည်ဟု ပြောဆိုခဲ့သည်။ 

“ဒီနေရာမှာ စားပွဲဝိုင်းမှာ အခုလို ပျော်ပျော်ရွှင်ရွှင် ပြုံးပြုံးရယ်ရယ် လက်ဆွဲနုတ်ဆက်ပြီးတော့ တိုင်းပြည်အရေးကို မျှော်ကိုးပြီးတော့ စကားကြီး စကားကျယ်တွေ ပြောနေပြီးတော့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာဒေသမှာ နေထိုင်နေတဲ့ ကျနော်တို့ မိဘပြည် သူတွေရဲ့ဘဝ၊ သူတို့ရဲ့ အသံ၊ သူတို့ အခြေအနေကို ကျနော်တို့ လစ်လျှူရှုထားပြီးတော့ ကျနော်တို့ ပြောနေရတဲ့ အခြေအနေမျိုးလို့ တခါတလေ ကျနော်ခေါင်းထဲမှာ ဝင်လာတယ်။ ခံစားမှု မကောင်းပါဘူး”ဟု ခူဦးရယ်က ပြောသည်။ 

ယနေ့ တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဦးအောင်ကြည်၊ ဦးအောင်စိုးနှင့် ဦးမင်းဇော်ဦးနှင့် ဦးကျော်သူရတို့ လေးဦးနှင့် DPN မှ ခေါင်းဆောင် ခူဦးရယ်နှင့် အဖွဲ့ဝင် ၁၀ ဦးတို့နှင့် တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။ 

ငြိမ်းချမ်းရေးခရီးစဉ် ရှည်နေသော်လည်း မဖြစ်မနေ လုပ်ဆောင်ပါက ရရှိနိုင်သည်ဟု ငြိမ်းချမ်းရေးကော်မရှင်မှ ဦးအောင်ကြည်၏ အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။ 

“ကျနော်တို့ သွားရမယ့် ငြိမ်းချမ်းရေးလမ်းစဉ်က ခရီးစဉ်က တော်တော်လေးကို ရှည်လျားပါတယ်။ တော်တော်ကြီးကို ကြိုးကြိုးစားစားနဲ့ ဆက်လုပ်ရမယ့် အလုပ်တွေ အများကြီးရှိပါတယ်။ ကျနော်တို့ကတော့ ဒီလိုမြင်ပါတယ်။ ဒီခရီးလမ်းဟာ ဝေးပင်ဝေးငြားသော်လည်းပဲ ကျနော်တို့ မဖြစ်မနေလုပ်မယ်ဆိုတဲ့ သံန္နိ္နဌာန် ဆိုတဲ့စိတ်ရှိရင် မဖြစ်နိုင်စရာအကြောင်း မရှိပါဘူး”ဟု ငြိမ်းချမ်းရေးကော်မရှင်မှ ဦးအောင်ကြည်က ပြောသည်။ 

ဒီမိုကရက်တစ်ဖက်ဒရယ် နိုင်ငံတခုမှာ စိတ်အေးချမ်းသာစွာနှင့် ဖွံ့ဖြိုးတိုးတက်စွာနှင့် နေထိုင်နိုင်သည့် အနေအထားထိ ရောက်အောင် လုပ်ဆောင်သွားရန် မျော်လင့်ထားကြောင်းဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယနေ့ တွေ့ဆုံဆွေးနွေးမှုတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ အဆိုပြုချက် အချက် ၈ ချက်အပေါ် နှစ်ဖက် ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required