အင်ဒိုနီးရှားတွင် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၉ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှားတွင် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၉ ဦးထက်မနည်း သေဆုံး

စက်တင်ဘာ ၂၁ ။            ။  အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး သေဆုံးသူ ၁၉ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး က စက်တင်ဘာ ၂၁ ရက်တွင် ပြောသည်။ သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း ကယ်ဆယ်ရေး သမားများက ပြောသည်။

ယခုကဲ့သို့ သဘာဝဘေး ဒုက္ခဆိုးကြုံတွေ့ခဲ့ရသည့် ဒေသမှာ ဂျာဗားကျွန်း အနောက်ပိုင်းတွင် ဖြစ်ပြီး ယင်းဒေသရှိ ဂါရက်မြို့တွင် မိုးကြီးပြီး တောင်ကျရေ တစ်ဟုန်ထိုးစီးဆင်းမှုကြောင့် ၂ မီတာ အမြင့် ရေလွှမ်းမိုးမှုများ ကြုံတွေ့ခဲ့ရကြောင်း အမျိုးသား သဘာဝဘေး ကာကွယ်ဖြေရှင်းရေး အေဂျင်စီ မှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပါဝိုက ပြောသည်။

" ဂါရက်မြို့က ထုတ်ပြန်ချက် တစ်ခုအရဆိုရင် သေဆုံးသူက ၁၆ ဦးရှိပြီး အခြားရှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်" ဟု ၎င်းက ပြောသည်။

အလားတူ ရှစ်လသားအရွယ် ကလေးတစ်ဦးနှင့် ဆယ်နှစ်အောက် ကလေးတစ်ဦးလည်း ရေစီးထဲ မျောပါ သေဆုံးသွားသည့် ဖြစ်စဉ်များလည်း ရှိထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယခုအခါ ဒေသတွင်း လူပေါင်း ထောင်ပေါင်းများစွာသည်လည်း နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြရပြီး ကယ်ဆယ်ရေးသမားများ စီစဉ်ပေးထားသည့် ယာယီစခန်းများတွင်   နေထိုင် ခိုလှုံနေရလျက်ရှိသည်။

မြေပြိုမှုများကြောင့်လည်း ထိခိုက်ဒဏ်ရာရသူများရှိကြောင်းနှင့် ဗလီတစ်ခုလည်း ပျက်စီးသွားကြောင်း ဆူတိုပိုက ပြောသွားသည်။

လက်ရှိအချိန်အခါတွင် လာနီညာ ရာသီဥတုဖြစ်စဉ်က အချိန်အခါမဟုတ် မိုးကြီးစေနိုင်ခြင်းကြောင့် ပြည်သူများ ဘဘာဝဘေးအန္တရာယ်အပေါ် ကြိုတင်သတိရှိကြရန် အစိုးရက ထုတ်ပြန် သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required