ငါးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ခဲ့ဟု မြောက်ကိုရီးယား အတည်ပြု

ငါးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ခဲ့ဟု မြောက်ကိုရီးယား အတည်ပြု

စက်တင်ဘာ ၉ ။                      ။ ပဉ္စမအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ခဲ့သည်ဟု မြောက်ကိုရီးယား အာဏာပိုင်များက စက်တင်ဘာ ၉ ရက်က အတည်ပြုသွားခဲ့သည်။

ယင်းနိုင်ငံရှိ နျူစမ်းသပ်မှု ဆိုဒ်အနီး ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်ဟု စောင့်ကြည့်သူများက တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပြုံယမ်းအစိုးရက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခုအခါ မိမိတို့အနေဖြင့် ပဲ့ထိန်းဒုံးများတွင် နျူထိပ်ဖူးများ တပ်ဆင်နိုင်သည့် စွမ်းရည်များ ရရှိထားပြီဟု မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်သည်။ ယင်းအပြင် ယခု စမ်းသပ်မှုတွင် မည့်သည့်   နျူကလီးယား ယိုဖိတ်မှုမှ မဖြစ်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ပြောဆိုထုတ်လွှင့်သွားသည်။

"နိုင်ငံရဲ့ မြောက်ပိုင်း နျူစမ်းသပ်ရာ ဆိုဒ်မှာ မကြာခင်ကမှ ထုတ်လုပ်ထားတဲ့ နျူထိပ်ဖူးကို စမ်းသပ်ပစ်လွှတ်မှုတွေ ကျွန်မတို့ရဲ့ နျူကလီးယား ပညာရှင်တွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်" ဟု ရုပ်သံကြေညာသူက   ပြောသည်။

ပြင်ပက ပညာရှင်များ သိရှိခဲ့ရသည့် ယင်းနိုင်ငံတွင်း ပေါက်ကွဲမှုမှာ ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိသည်ဟု လည်းသိရသည်။

ယင်းစမ်းသပ်မှုမှာ မြောက်ကိုရီးယားတို့၏ အကြီးဆုံးနျူစမ်းသပ်မှုတစ်ခုဖြစ်လာပြီဖြစ်ကြောင်းနှင့် ပြည်ပကို ပိုမိုခြိမ်းခြောက်လာနိုင်ကြောင်း ဂျပန်နှင့် တောင်ကိုရီးယားတို့ဘက်က သုံးသပ်ပြောကြား သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required