ကမ္ဘောဒီးယားတွင် လာဘ်ယူသော ဆရာများနှင့်ပေါင်းပြီး ကျောင်းသားများ စာခိုးချ၍ မရအောင် စာမေးပွဲဖြေဆိုနေချိန် ရဲများ စောင့်ကြပ်ကြည့်ရှု

ကမ္ဘောဒီးယားတွင် လာဘ်ယူသော ဆရာများနှင့်ပေါင်းပြီး ကျောင်းသားများ စာခိုးချ၍ မရအောင် စာမေးပွဲဖြေဆိုနေချိန် ရဲများ စောင့်ကြပ်ကြည့်ရှု

သြဂုတ် ၂၂ ။      ။ နိုင်ငံ၏ ပညာရေးစနစ်တွင် အမြစ်စွဲနေသော လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်မှုများကို တိုက်ဖျက်နိုင်ရန်အတွက် ကမ္ဘောဒီးယားအစိုးရက သြဂုတ် ၂၂ ရက်တွင်မူ နိုင်ငံတစ်ဝန်း အထက်တန်းကျောင်းစာမေးပွဲဖြေဆိုရာ စာစစ်ဌာနများ၌ ရဲများကို သွားရောက်စောင့်ကြပ်ကြည့်ရှုခိုင်းထားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခုလုပ်ငန်းစဉ်တွင် နိုင်ငံတစ်ဝန်း စာမေးပွဲဖြေဆိုရာနေရာများတွင် ရဲဝန်ထမ်းပေါင်း ၁,၅၇၀ ကို တာဝန်ချထားခဲ့သည်ဟု သိရသည်။

မြို့တော် ဖနွမ်းပင်ရှိ စာစစ်ဌာနများတွင် ရဲအစောင့်အကြပ်ချထားခဲ့ပြီး ဖြေဆိုမည့် ကျောင်းသားများသည်လည်း စာမေးပွဲခန်းထဲသို့ မဝင်မီ ခိုးချမည့်စာရွက်များ၊ မိုဘိုင်းဖုန်းများ ပါရှိမသွားရန် အစစ်ဆေးခံခဲ့ရသည်။

" ကျွန်တော်တို့ကတော့ နိုင်ငံရဲ့ ပညာရေးစနစ်ထဲမှာ တကယ့်အရည်အသွေးမှန်ကို ထုတ်ဖော်ရရှိဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ခုလို လုပ်ဆောင်တာဖြစ်ပါတယ်" ဟု ပညာရေးဝန်ကြီးဌာန   ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ရို့စ် စလင်းက ပြောသည်။

ပြီးခဲ့သည့် နှစ်များကဆိုလျင် ယင်းနိုင်ငံရှိ ကျောင်းသားများသည် စာမေးပွဲခန်းတွင်းသို့ မိုဘိုင်းဖုန်းများ၊ ခိုးကူးမည့် စာရွက်များကို ယူဆောင်သွားကြပြီး လာဘ်ယူထားသော ဆရာ၊ဆရာမများကလည်း ၎င်းကျောင်းသားများ စာခိုးချခြင်းကို မသိကျိုးကျွံပြုခဲ့ကြသည့်  ဖြစ်ရပ်များ ရှိခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required