အက်သလက်တီကိုမှ ထွက်ခွာလျှင် ပရီးမီးယားလိဂ်သို့ ပြောင်းမည်ဟု ဂရစ်ဇ်မန် ပြော

အက်သလက်တီကိုမှ ထွက်ခွာလျှင် ပရီးမီးယားလိဂ်သို့ ပြောင်းမည်ဟု ဂရစ်ဇ်မန် ပြော

သြဂုတ် ၂၂၊ စပိန် ။              ။ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်က အက်သလက်တီကိုအသင်းမှ ထွက်ခွာဖြစ်လျှင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားရန် စဉ်းစားမည်ဟု ပြောဆိုလိုက်သည်။

ဂရစ်ဇ်မန်သည် ယမန်နှစ်ရာသီက အက်သလက်နှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယသာ ရရှိခဲ့သလို ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း ပြင်သစ်နှင့်အတူ ဒုတိယဆုသာရရှိခဲ့သည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်မှာ ဂရစ်ဇ်မန်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။

‘ပရီးမီးယားလိဂ်ကို ပြောင်းဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ရင် အဲ့ဒီမေးခွန်းကို ကိုယ့်ကိုကိုယ် ပြန်မေးမှာပါ’ ဟု ဂရစ်ဇ်မန်က ပြောသည်။

ကျောနံပါတ် ၇ ဂျာစီကို ဝတ်ဆင်ခြင်းမှာ ဒေးဗစ်ဘက်ခမ်ကို နှစ်သက်ခြင်းကြောင့်ဟုလည်း ဂရစ်ဇ်မန်က ပြောသည်။ ‘ဘက်ခမ်ကို အရမ်းကြိုက်ပါတယ်။ သူက ကျွန်တော့်ရဲ့စံပြကစားသမားပါ။ ဒါကြောင့်ပဲ နံပါတ် ၇ ကို ကျွန်တော် အမြဲဝတ်တာပေါ့’ ဟု ဆိုသည်။

အက်သလက်တီကိုအသင်းနှင့် ပတ်သက်၍မူ ဂရစ်ဇ်မန်က ‘အသင်းက ဆုဖလားတွေအများကြီး ရယူနိုင်စွမ်းရှိပါတယ်။ အမှန်အတိုင်းပြောရရင် အက်သလက်ကို စွန့်ခွာမသွားလိုပါဘူး။ အက်သလက်အသင်းနဲ့အတူ ဆုဖလားတွေ ရယူလိုပါတယ်။ ဒီနှစ်က ပြီးခဲ့တဲ့ နှစ်တွေအားလုံးထက် ပိုကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်’ ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required