မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ ဟစ်ဟော့ပ်ဂီတလောက

မြန်မာ့နိုင်ငံရေးအပြောင်းအလဲနဲ့ ဟစ်ဟော့ပ်ဂီတလောက

ဟစ်ဟော့ပ်ဂီတဟာ ကမ္ဘာပေါ်မှာပွင့်လင်းမှုအရှိဆုံးနဲ့ အကြောင်းအရာကို ဒဲ့ပြောလို့ရတဲ့ ဂီတအမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာ့ဟစ်ဟော့ပ်အနုပညာရှင်တွေဟာ သူတို့သီချင်းတွေထဲမှာ ရပ်ကွက်ထဲကအကြောင်းတွေ၊ အစိုးရအပေါ်ဝေဖန်တာတွေ၊ အုပ်ချုပ်ရေးပိုင်းကအလွဲအချော်တွေကို ထောက်ပြဝေဖန်တဲ့အကြောင်းအရာတွေကို ရေးသားသီဆိုလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၀၀ခုနှစ်ကစခဲ့တဲ့ ဟစ်ဟော့ပ်ဂီတဟာ ၂၀၁၆ကိုရောက်လာပြီး ၁၆နှစ်ကာလအတွင်း တိုးတက်ပြောင်းလဲမှုတွေအများကြီးရှိလာနေပါပြီ။ တစ်ချိန်က လူတွေလှောင်ပြောင်စရာဖြစ်တဲ့ ဒီဂီတဟာ လက်ရှိကာလမှာတော့ မြန်မာနိုင်ငံကလူငယ်အများစုကို လွှမ်းမိုးလာနိုင်တဲ့ ဂီတအမျိုးအစားဖြစ်နေပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံက ဟစ်ဟော့ပ်ဂီတပညာရှင်အများစုဟာ သူတို့အမြင်၊ သူတို့အတွေးအခေါ်၊ သူတို့ခံယူချက်တွေကို ပွင့်ပွင့်လင်းလင်းချပြနိုင်ခွင့်တော့ ဆုံးရှုံးနေဆဲပါ။ စစ်အစိုးရလက်ထက်မှာ ကြီးပြင်းခဲ့ရပြီး တားဆီးပိတ်ပင်မှုတွေအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတဲ့ ဒီဂီတဟာ လွပ်လပ်မှုဆုံးရှုံးနေကာ အရင်အစိုးရလက်ထက်မှာဆိုရင် မြန်မာဟစ်ဟော့ပ်လူငယ်အချို့ ဖမ်းဆီးထောင်ချခံရတာမျိုးတွေတောင် ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၆မှာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းပြောင်းလဲလာပါတော့မယ်။ ဒီအပြောင်းအလဲအပေါ် မြန်မာပြည် ဟစ်ဟော့ပ်ဂီတသမားတွေ ဘာတွေမျှော်လင့်ထားသလဲ၊ သူတို့ကိုယ်တိုင်ရော ဘယ်လောက်အထိ ပြောင်းလဲဖို့ပြင်ဆင်နေသလဲဆိုတာ……………………..။

စစ်အစိုးရခေတ် မြန်မာပြည်ဟစ်ဟော့ပ်

၂၀၀၀ခုနှစ်ကနေ ၂၀၀၈ခုနှစ်လောက်အထိ မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ်ဂီတသမားတွေဟာ လူဆိုးတွေလို့ သတ်မှတ်ခံခဲ့ရပြီး အစိုးရကလည်း နေရာတိုင်းမှာ တားဆီးပိတ်ပင်ခဲ့ပါတယ်။ သူတို့ဂီတရဲ့ ယဉ်ကျေးမှုဖြစ်တဲ့ ဂရစ်ဖစ်တီရေးဆွဲတာကို လမ်းပေါ်မှာတင်မကပဲ MTV တွေမှာပါတားဆီးပိတ်ပင်ခံခဲ့ရသလို ဝတ်စားဆင်ယင်မှု အမှားအယွင်းဖြစ်ခဲ့ရင်လည်း (ဘုန်းတော်ကြီးပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတီရှပ်များ) သီဆိုဖျော်ဖြေခွင့်တွေ အပိတ်ခံကြရပါတယ်။

“အရင်က ကျွန်တော်တို့နိုင်ငံက ဆိုရှယ်လစ်စနစ်လေ။ အမေရိကားလို အရှေ့ပိုင်း(East Cost)၊ အနောက်ပိုင်း(West Cost) တွေခွဲလို့မရဘူး။ ကျွန်တေ်ာတို့ ငယ်ငယ်က Underground ရှိုးပွဲတွေလုပ်မယ်ဆိုရင် ရဲတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးတွေရောက်လာပြီး မေးခွန်းတွေအများကြီးအမေးခံရတယ်။” ဒီစကားတွေကိုတော့ မြန်မာနိုင်ငံရဲ့ဟစ်ဟော့ပ်ဂီတဖခင်ကြီးလို့ ဆိုရမယ့် Acid အဖွဲ့ဝင် အနဂ္ဂကပြောခဲ့တာပါ။

မြန်မာနိုင်ငံက ဟစ်ဟော့ပ်အဆိုတော်လူငယ်အများစုဟာ ၈၈အရေးအခင်းတုန်းက ကလေးအရွယ်တွေသာ ရှိခဲ့ပြီး ၈၈နောက်ပိုင်းထင်ရှားတဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလကိုတော့ မှီခဲ့ပါတယ်။ ဒီကာလအတွင်း မှာ ရွှေဝါရောင်အရေးအခင်းမှာ သံဃာတော်တွေကို နှိမ်နင်းခဲ့တဲ့ အစိုးရရဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ သီချင်းတွေလုပ်ခဲ့ကြတဲ့ လူငယ်တွေ ဖမ်းဆီးခံခဲ့ရသလို ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေလည်း ကြုံခဲ့ရပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ လူငယ်အဆိုတော်တွေထဲမှာ ထင်ရှားသူကတော့ ဒီနေ့ NLD အမတ်ဖြစ်နေပြီဖြစ်တဲ့ Acid အဖွဲ့ဝင် ဇေယျာသော်ပါ။

အပြောင်းအလဲကိုလိုလားသူတွေ

၂၀၁၀မှာ စစ်အစိုးခေတ်အလွန် ဒီမိုကရေစီစနစ်ကိုပြောင်းလဲလာပြီးနောက်မှာ ဟစ်ဟော့ပ်ဂီတသမားတွေအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့အတူပြောင်းလဲမှုကို လိုလားတောင့်တခဲ့ကြတယ်။ နိုင်ငံရေး အပြောင်းအလဲမှာ ဒီဂီတကို ထိုက်သင့်သလောက် လွပ်လပ်မှုနဲ့ ပုံဖော်နိုင်ခဲ့ပြီး ဟစ်ဟော့ပ်သီချင်းတွေလုပ်လာတဲ့ လူငယ်တွေလည်းပိုများလာပါတယ်။ “အရင်ထက်စာရင် ကျွန်တေ်ာတို့ အနည်းငယ် လွပ်လပ်ခွင့်ရလာတယ်။ အရင်ကဆို ဆင်ဆာတင်ရင် ကျွန်တော်တို့သီချင်းစာသားတွေက အမြဲအဖျက်ခံရတာ။ MTV မှာ ဦးထုပ်နောက်ပြန်ဆောင်းလို့မရဘူး။ အခုတော့ဒါတွေမရှိတော့ပါဘူး။”လို့ သမ္မတဦးသိန်းစိန်ရဲ့ဒီမိုကရေစီအစိုးရလက်ထက်မှာ လွပ်လပ်မှုအနည်းငယ်ရလာတဲ့အခြေအနေကို G-Tone ကပြောပါတယ်။

ဒါပေမယ့်လည်းသူတို့တကယ်လိုလားတာက အပေါ်ယံပြောင်းလဲမှုမဟုတ်ပဲ မြန်မာနိုင်ငံတစ်ခုလုံးမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့အပြောင်းအလဲကို မျှော်လင့်ခဲ့တာပါ။ ဘယ်အစိုးရလက်ထက်မှာပဲဖြစ်ဖြစ် မြန်မာ လူငယ်တွေလိုချင်တာ၊ တောင့်တနေတာက အဆင်မြင့်ပညာရေးပါလို့ မြန်မာနိုင်ငံရဲ့အမျိုးသမီးဟစ်ဟော့ပ်အဖွဲ့ YAK အဖွဲ့ဝင် သဇင်ကပြောပါတယ်။

“မြန်မာလူငယ်တွေအတွက် အဆင့်မြင့်ပညာရေးလိုချင်တယ်။ ဒါမှာနောက်မျိုးဆက်သူများ နိုင်ငံတွေအကြားမှာ အောက်မကျပဲရဲရဲဝံ့ဝံ့ ရပ်တည်နိုင်မှာပါ။ အခုအပြောင်းအလဲက ဆင်းကဒ်တွေ ၁၅၀၀နဲ့ ရတယ်။ ဈေးဝယ်စင်တာတွေ၊ ဟိုတယ်တွေ အဆင့်မြင့်လာတယ်။ ဒါပေမယ့် ကျွန်မတို့လိုချင်တာက အဆင့်မြင့်ပညာရေးနဲ့ တစ်နိုင်ငံလုံးစီးပွားရေးတိုးတက်လာတာကိုပါ။”

တိုင်းပြည်အပြောင်းအလဲမှာ မြန်မာပြည်ဟစ်ဟော့ပ်လောကတိုးတက်လာတယ်ဆိုပေမယ့် ဒီဂီတရဲ့စစ်မှန်မှုကို နားမလည်ဘဲ အလွဲတွေလုပ်တဲ့လူငယ်တွေလည်း ရှိလာတယ်လို့ မြန်မာနိုင်ငံဟစ်ဟော့ပ် တတိယမျိုးဆက်တစ်ဦး ဖြစ်တဲ့ လန်ဘားကလည်း သုံးသပ်ထားပါတယ်။

“မြန်မာနိုင်ငံရဲ့ဂီတလောကတစ်ခုလုံးက နည်းပညာတိုးတက်လာတာနဲ့အမျှ အနုပညာအရည်အသွေးကျလာတယ်လို့ ကျွန်တော်တော့ သုံးသပ်မိတယ်။ ဒါက ကျွန်တေ်ာတို့မှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော်တို့ရှေ့ကစီနီယာတွေလက်ဆင့်ကမ်းခဲ့တာကို မထိန်းသိမ်းနိုင်လို့ပါ။”လို့ လန်ဘားက သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပါတယ်။

အနည်းငယ်ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေမှာ တချို့လူငယ်တွေရဲ့ဟစ်ဟော့ပ်သီချင်းတွေက ဆဲဆိုရိုင်းစိုင်းတာတွေ၊ လိင်အကြောင်းတွေနဲ့ မူးယစ်ဆေးအကြောင်းတွေကိုပဲ ရေးသားသီဆိုလာ တာမျိုးတွေ ရှိလာပါတယ်။ ဒါက မြန်မာနိုင်ငံက ဟစ်ဟော့ပ်လူငယ်တွေကို အထင်သေးစရာဖြစ်လာနိုင်ပေမယ့် စီနီယာတွေကတော့ လူတစ်ဦးချင်းစီရဲ့တာဝန်ယူမှုနဲ့ပဲဆိုင်တဲ့အတွက် မှတ်ချက်မပေးလိုကြ ပါဘူး။

အစိုးသစ်လက်ထက်မျှော်လင့်ချက်

မြန်မာဟစ်ဟော့ပ်လူငယ်တွေဟာ ၂၀၁၆အတွင်းမှာ ဖြစ်လာမယ့်အစိုးသစ်အပေါ်အများကြီးမျှော်လင့်ထားကြပါ တယ်။ လက်ရှိအခြေအနေမှာ ရုန်းကန်နေရတဲ့ မြန်မာပြည်ဂီတလောကအတွက် အစိုးရသစ်ဆီက အကျိုးရှိစေမယ့် ဥပဒေတွေနဲ့ ထင်သာမြင်သာတဲ့ လွပ်လပ်မှုမျိုးတွေကို သူတို့က မျှော်လင့်တာပါ။ နိုင်ငံတကာမှာလို ဟစ်ဟော့ပ်ဂီတကနေ လူငယ်တွေကို အသိပညာရစေမယ့် သီချင်းမျိုးတွေကို လွပ်လွပ်လပ်လပ်ဖန်တီးနိုင်ဖို့ ကြိုးစားနေတဲ့လူငယ်တွေအတွက် အခွင့်အရေးတစ်ရပ်ကို အစိုးရသစ်က ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။

“ကျွန်တော်တို့ဆီမှာ ဂီတလောကဈေးကွက်က Underground မှာမရှိဘူး။ နိုင်ငံတကာမှာလို Underground ဂီတဈေးကွက်ရှိလာစေချင်တယ်။ သီချင်းတွေလုပ်တဲ့နေရာမှာတော့ ပွင့်လင်းလာပြီဆိုပြီ ရိုင်းစိုင်းတာမျိုးတွေ မလုပ်ဖို့တော့ ကျွန်တော်တို့ ထိန်းရမှာပါ။” လို့ G-Tone ကပြောခဲ့သလို လန်ဘားကတော့ တိုင်းပြည်ပွင့်လင်းလာ ပေမယ့် အနုပညာရှင်တွေက ပွင့်ပွင့်လင်းလင်းမတင်ပြရင် အလကား ပဲလို့ဆိုပါတယ်။

“ကျွန်တော်တို့ကတော့ အရင်ကတည်းက လူငယ်တွေကိုအသိပညာရစေမယ့်သီချင်းမျိုးတွေကို လုပ်နေခဲ့တာပဲ။ တိုင်းပြည်ပွင့်လင်းလာတယ်ဆိုပေမယ့် အနုပညာကို ပွင့်ပွင့်လင်းလင်းမတင်ပြ ရဲရင်တော့ အလကားပဲ။ ဒါကတော့ မပွင့်လင်းတဲ့လူတွေနဲ့ပဲဆိုင်ပါတယ်။”လို့ လန်ဘားကဆိုပါတယ်။

မြန်မာဟစ်ဟော့ပ်လူငယ်တွေကအဓိကအိပ်မက်က သူတို့သီချင်းတွေကို ကမ္ဘာကသိစေချင်တာပါ။ ဒီအတွက် အာရှဒေသတွင်းက လူငယ်ရက်ပ်ပါတွေလို နိုင်ငံတကာနဲ့ဆက်သွယ်ချိတ်ဆက်ပြီး အလုပ်လုပ်ချင်ကြပါတယ်။ ဒါကြောင့် နိုင်ငံတကာက ဟစ်ဟော့ပ်ဂီတပညာရှင်တွေမြန်မာနိုင်ငံကို လာပြီး ဂီတဖျော်ဖြေပွဲတွေလုပ်ဖို့ကိုလည်း သူတို့ကမျှော်လင့်ထားပြီး အစိုးရကိုလည်းကူညီစေချင် ကြပါတယ်။ ဒီလူငယ်တွေဟာ NLD ပါတီအောင်နိုင်ရေးအတွက်လည်း အစွမ်းကုန်ပေးဆပ်ကူညီခဲ့ကြပြီး NLD အစိုးရအပေါ်လည်းအတော်လေးယုံကြည်မှုရှိကြပါတယ်။

“သမီးတို့ငယ်ငယ်က ဒေါ်အောင်ဆန်းစုကြည်ဆို ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတာလောက်ပဲသိရတာ။ သူ့အကြောင်းကို စာတွေမှာလည်းရှာဖတ်လို့မရဘူး။ ဒါပေမယ့် အခုအစိုးရဖြစ်လာပြီဆိုတော့ ယုံကြည်အားကိုးပါတယ်။ တောင်းဆိုချင်တာကတော့ ဂီတကလည်း တိုင်းပြည်ရဲ့ထုတ်ကုန်တစ်ခုတည်းမှာပါပါတယ်။ လူတွေရဲ့စိတ်တွေကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ ဒါကို နားလည်ပြီးကူညီမှုတွေ လုပ်ပေးစေချင်ပါတယ်။”လို့ YAK အဖွဲ့ဝင် အေးအေးအောင်ကပြောပါတယ်။

တကယ်တော့ လူငယ်ဆိုတာပွင့်လင်းပါတယ်။ မြန်မာနိုင်ငံက ဟစ်ဟော့ပ်ဂီကိုရူးသွပ်ပြီး ဟစ်ဟော့ပ်သီချင်းတွေ သီဆိုနေကြတဲ့လူငယ်အများစုဟာ သာမန်ပြည်သူမိသားစုတွေကပဲပေါက်ဖွားလာသူတွေပါ။ သူတို့တွေဟာ သူတို့ဂီတပုံစံအတိုင်းပဲနေထိုင်ပြီး သူတို့ယုံကြည်ရာလမ်းကြောင်းကို မပြောင်းလဲပဲလျှောက်နေသူတွေပါ။ သူတို့တွေမှာ အနာဂတ်အိပ်မက်တွေရှိပြီး သူတို့နေထိုင်ရာမြန်မာနိုင်ငံကို နိုင်ငံတကာမှာ အထင်ကြီးလေးစားစေလို့တဲ့ဆန္ဒတွေထပ်တူရှိသလို ကြိုးစားမှုတွေလဲ လုပ်နေသူတွေပါ။ သူတို့မျှော်လင့်ထားသလို နိုင်ငံရေးအပြောင်းအလဲကာလမှာ အစိုးသစ်က ဂီတလောကတိုးတက်လာဖို့ ကူညီစွမ်းဆောင်ပေးမလားဆိုတာကတော့………………။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required