ပြင်သစ်တွင် အကြမ်းဖက်သမားက ထရပ်ကားဖြင့် လူအုပ်ထဲသို့ တရကြမ်းဝင်တိုက်ခဲ့ရာ အနည်းဆုံး ၈၀ သေဆုံးသွား

ပြင်သစ်တွင် အကြမ်းဖက်သမားက ထရပ်ကားဖြင့် လူအုပ်ထဲသို့ တရကြမ်းဝင်တိုက်ခဲ့ရာ အနည်းဆုံး ၈၀ သေဆုံးသွား

ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ဖြစ်သော နိုက်စ်မြို့တွင် ဇူလိုင်လ ၁၄ ရက်က ထရပ်ကားတစ်စီး လူအုပ်ထဲသို့ အရှိန်ဖြင့် ဝင်တိုက်သွားခဲ့ရာ အနည်းဆုံး ၈၀ ဦးသေဆုံးခဲ့ပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါလုပ်ရပ်သည် အကြမ်းဖက်မှုဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။

ပြင်သစ် အမျိုးသားအားလပ်ရက်တစ်ရက်ဖြစ်သော Bastille နေ့အခမ်းအနားအထိမ်းအမှတ် မီးရှုးမီးပန်း ဖောက်လွှတ်မှုများ ကျင်းပနေချိန် နိုက်စ်မြို့ လမ်းများပေါ်တွင် လူအများဖြင့်စည်ကားနေချိန် ယခုကဲ့သို့ ထရပ်ကားဖြင့် ဝင်တိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါဖြစ်စဉ်အတွင်း သေဆုံးသွားသူဦးရေမှာ အနည်းဆုံး ၈၀ ရှိသွားပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဘားနက် ကေဇန်နျူဗီက ပြောကြားသွားပြီး သေဆုံးသူများထဲတွင် ကလေးငယ်အများအပြားပါဝင်ခဲ့သည်ဟု သမ္မတ ဟော်လန်ဒီကလည်း  တီဗွီမှတဆင့် ပြောကြားသွားသည်။

ထရပ်ကားဒရိုင်ဘာကိုမူ ရဲများက ပစ်သတ်လိုက်ရပြီဖြစ်သည်။ အုန်းပင်များဖြင့် တစ်ဘက်တစ်ချက်တွင် အစီအရီလှပနေသော လူသွားလမ်းတွင် သွားလာနေကြသော လူအုပ်ထဲသို့ ထရပ်ကားက အရှိန်ဖြင့် ဝင်တိုက်သွားခဲ့ခြင်းဖြစ်သည်။

“ကားကို တစ်ဦးတည်းမောင်းလာတာပါ၊ သူက လူအုပ်ထဲကို တမင်ရည်ရွုယ်ပြီးကို တိုက်သွားတာပါ၊ ခုတော့ ရဲတွေသတ်လိုက်ရပါပြီ” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ပီရာဟင်နရီ ဘရက်နက်က ပြောသွားသည်။

ထရပ်ကားအဖြူတစ်စီးက  လမ်းမပေါ်ရှိလူအုပ်ထဲသို့ အရှိန်ဖြင့် ဝင်တိုက်သွားခြင်းကြောင့် လမ်းမပေါ်တွင် လူပေါင်းများစွာ တုံးလုံးပက်လက်လဲနေကြသည်ကို တွေ့မြင်ရသည်ဟု မျက်မြင်များက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required