ထိုင်ဝမ်ရှိ ATM ငွေထုတ်စက်များမှ ဒေါ်လာ (၂) သန်းကျော် ဟက်ကာများ ခိုးယူ

ထိုင်ဝမ်ရှိ ATM ငွေထုတ်စက်များမှ ဒေါ်လာ (၂) သန်းကျော် ဟက်ကာများ ခိုးယူ
ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေရှိ First Bank ဘဏ်ခွဲတစ်ခုမှာ ATM စက်တွေ ပိတ်ထားတာကို ဇူလိုင် ၁၂ ရက်နေ့က တွေ့ရပါတယ်။ (ဓာတ်ပုံ - အီးပီအေ)

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထိုင်ဝမ်နိုင်ငံမှာ ATM ငွေထုတ်စက်တွေကနေ ထိုင်ဝမ်ဒေါ်လာ (၇၀) သန်း (ဒေါ်လာ ၂.၁၈ သန်း) ခိုးခံလိုက်ရတာကြောင့် အင်္ဂါနေ့မှာ နိုင်ငံတလွှားရှိ ATM ငွေထုတ်စက် ရာပေါင်းများစွာကို ဘဏ်များက ပိတ်ချခဲ့ပါတယ်။

ဇူလိုင် (၉၊ ၁၀) ရက်နေ့က မျက်နှာဖုံးတပ် လူနှစ်ဦးက First Bank ရဲ့ ATM စနစ်ထဲသို့ ဝင်ရောက်ပြီး malware အသုံးပြု ဟက်လုပ်ခဲ့တာကြောင့် ATM စက် (၃၄) လုံးမှ အလိုအလျောက် ငွေထုတ် ခိုးယူသွားကြောင်း First Bank က အတည်ပြုပြောကြားပါတယ်။

အခိုးခံရတဲ့ ငွေတွေဟာ သုံးစွဲသူ ဘဏ်အကောင့်တစ်ခုချင်းစီမှ ထုတ်ယူသွားတာမဟုတ်တဲ့အတွက် အကောင့်ပိုင်ရှင်များ ထိခိုက်မှာမဟုတ်ကြောင်း First Bank က ဆိုပါတယ်။

ဟက်ထိခံရတဲ့ ATM စက်တွေကတော့ ဂျာမနီကုမ္ပဏီ Wincor မှ ထုတ်တွေဖြစ်ပါတယ်။ နိုင်ငံအနှံ့ တိုက်ခိုက်ခံရမှုကြောင့် First Bank က ပိတ်ပင်လိုက်တဲ့ အမျိုးအစားတူ ဂျာမန်ထုတ် ATM စက်အလုံးရေ (၇၆၈) ထဲက (၃၀၀) လုံးကို လုံခြုံမှုပိုင်း စစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။

အခုလို အလိုအလျောက် ငွေသား အမြောက်အများ ထုတ်နိုင်ဖို့အတွက် malware ထည့်သွင်းမှု လုပ်ဆောင်ရန် ဘဏ်အတွင်းပိုင်းမှ တစ်စုံတစ်ယောက် ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

ခိုးယူမှုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ဟက်ကာ နှစ်ဦးနှင့် ယဉ်မောင်း တစ်ဦးတို့မှာ အနည်းဆုံး ရုရှား တစ်ဦးနှင့် ထိုင်ဝမ်နိုင်ငံသားတစ်ဦး ပါဝင်ဖွယ်ရှိပြီး ရုရှားနိုင်ငံသားဟာ ဇူလိုင် (၁၁) ရက်နေ့က ထိုင်ဝမ်မှ ထွက်ပြေးသွားခဲ့ကြောင်း၊ သံသယရှိဖွယ် သုံးဦးကို ဆက်လက် ရှာဖွေနေကြောင်း ထိုင်ဝမ်ရဲအဖွဲ့က ပြောပါတယ်။

Ref; EPA, IBT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required