၂၁ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီ နှင့် တအာင်း၊ ကိုးကန့်၊ ရခိုင်လက်နက်ကိုင်အဖွဲ့များ တွေ့ရန် စီစဉ်နေ

၂၁ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီ နှင့် တအာင်း၊ ကိုးကန့်၊ ရခိုင်လက်နက်ကိုင်အဖွဲ့များ တွေ့ရန် စီစဉ်နေ

ချင်းမိုင်၊ ဇူလိုင် ၁၁ ။  ။ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး- ၂၁ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ (၂) နှင့် တအာင်း (ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ် - TNLA၊ မြန်မာအမျိုးသားမဟာမိတ်တပ် -MNDAA ၊ ရက္ခိုင်လက်နက်ကိုင်အဖွဲ့-AA တို့ သီးသန့်တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု ဦးလှမောင်ရွှေက ပြောသည်။ 

“ဦးသိန်းဇော်ဘက်ကတော့ သူတို့နဲ့ ဆက်သွယ်ပြီး ပြင်ဆင်နေတာတော့ ရှိတယ်။ ဘယ်မှာတွေ့မယ်ဆိုတာတော့ စီစဉ်နေတုန်းပဲ ရှိနေသေးတယ်။ ဒီလထဲမှာပဲတွေ့ဖို့ ဆောင်ရွက်နေပါတယ်။ ညှိနှိုင်းနေဆဲ ဖြစ်တော့ မကြာခင်မှာတော့ တွေ့ဖို့ အနေအထားရှိတယ်”ဟု ပြည်ထောင်စုငြိမ်းချမ်းရေး- ၂၁ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးဆပ်ကော်မတီ မှ ဦးလှမောင်ရွှေက မဇ္ဈိမကိုပြောသည်။ 

တွေ့ဆုံမည့်နေရာအား TNLA ဘက်မှ ဝပြည်သွေးစည်းညီညွတ်ရေးတပ် -UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့ သို့မဟုတ် NDAA ဌာနချုပ် မိုင်းလားတွင် တွေ့ရန် ကမ်းလှမ်းထားသည်ဟု TNLA ၏ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောသည်။

"ရက်တော့ မသတ်မှတ်ရသေဘူး။ ကျနော်တို့ကတော့ဝ ပြည်နယ် ပန်ဆန်း မဟုတ်ရင် မိုင်းလာမှာ တနေရာမှာ တွေ့ဖို့ ကမ်းလှမ်းထားတယ်။ သူတို့ဘက်ကတော့ ဘာမှ အကြောင်း မပြန်သေးဘူး။ ကျနော်တို့ဘက်ကတော့ တွေ့ဖို့ အဆင်သင့်ရှိတယ်၊ ကျနော်တို့က ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်နိုင်ဖို့ အဓိကတော့ အဲဒါပါပဲ”ဟု မိုင်းအိုက်ကျော်က မဇ္ဈိမကိုပြောသည်။ 

TNLA, MNDAA, AA အဖွဲ့များမှ ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဇွန်လ ၁၇ရက်က ၂၁ရာစု ပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီ ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံခဲ့သေးသည်။ 

အဆိုပါ အဖွဲ့သုံးဖွဲ့ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုမှုရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် ပါဝင်ရန် လက်မခံခဲ့ပေ။ 

လာမည့် သြဂုတ်လ နောက်ဆုံးပတ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ ညီလာခံ) ကျင်းပရန်အတွက် ပြင်ဆင်နေချိန်တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင်များနှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း မကြာမီ ရက်ပိုင်းအတွင်း တွေ့ဆုံတော့မည် ဖြစ်သည်။

လက်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်၊ မန်လွိုယ်ကျေးရွာအနီးတွင် ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် TNLA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေများ မသိရသေးကြောင်း မိုင်းအိုက်ကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required