ဘဝ အချိုးအကွေ့ တစ်ခု ဖြစ်ခဲ့တယ် ဆိုတဲ့ အိပ်မက်ဆုံရာ ရာသက်ပန် Winner ဆုရှင် အောင်ထက် နှင့် တွေ့ဆုံခြင်း

ဘဝ အချိုးအကွေ့ တစ်ခု ဖြစ်ခဲ့တယ် ဆိုတဲ့ အိပ်မက်ဆုံရာ ရာသက်ပန် Winner ဆုရှင် အောင်ထက် နှင့် တွေ့ဆုံခြင်း

ရန်ကုန် ၊ ဇူလိုင် ၈ ။ ။ လက်ရှိ အချိန်မှာ ပရိသတ်ရဲ့ အားပေးထောက်ခံမှုတွေနဲ့ အောင်မြင်မှုရရှိနေတဲ့ အိပ်မက်ဆုံရာ ရာသက်ပန် Winner ဆုရှင် အောင်ထက်ကို ပရိသတ် အားလုံးလည်း သိကြမှာပါ။ သူ့ကို အိပ်မက်ဆုံရာ ရာသက်ပန် ပြိုင်ပွဲမှာ စတင် သတိထား မိခဲ့တာ ဘာ့ကြောင့်လဲ ဆိုရင် သူ သီဆိုပြီး ယှဉ်ပြိုင်တဲ့ သီချင်းတိုင်းက မူရင်း အဆိုရှင်ထက် ကွဲထွက်ပြီး ထူးခြားမှု ရှိနေတာတွေ ကြောင့်ပါပဲ။

ပြိုင်ပွဲ ခြောက်လ အတွင်းမှာ အောင်ထက်ကို တစ်ဖြည်းဖြည်းနဲ့ ပရိသတ် အားပေးမှုက မြင့်သထက် မြင့်လာပြီး ပြိုင်ပွဲတိုင်းမှာ Voting အများဆုံး ရရှိသူ တစ်ဦးလည်း ဖြစ်လာခဲ့တယ်။ သာမာန် လူတစ်ယောက် အဖို့ ပရိသတ် အားပေးမှုရအောင် လက်ခံအောင် လုပ်ဆောင်ဖို့က ခက်ခဲ့တဲ့ ကိစ္စ ဖြစ်သလို အထူးသဖြင့် ဂီတ လောကတွင် အသစ် တစ်ယောက် အောင်မြင်ဖို့က အခက်ခဲဆုံး ဖြစ်ပါတယ်။

ယခင်က အဆိုပြိုင်ပွဲတွေ မရှိခဲ့သည့် အတွက် အောင်မြင်မှုက အလှမ်းဝေး ခဲ့ပေမယ့် အခုချိန်မှာတော့ အဆိုပြိုင်ပွဲတွေများစွာ ပေါ် ထွက် လာတဲ့အခါ လူငယ်တွေအတွက် အိပ်မက်တစ်ခု အဖြစ် မက်ခွင့် ရလာခဲ့ပါတယ်။

အိပ်မက်ဆုံရာ ရာသက်ပန် Winner ဆုရှင် အောင်ထက်ဟာလည်း သူ ဝါသနာပါတဲ့ ဂီတကို သာမန် ဘဝတစ်ခုမှာ ကြိုးစား အားထုတ်ခဲ့ပြီး ကြိုးစားမှုတွေကို ဂီတအတွက် ဝမ်းစာအနေနဲ့ စုဆောင်းလာခဲ့တဲ့ အကျိုးရလဒ်ဟာ အခုဆိုရင် သူ့အတွက် လှေခါးထစ် တစ်ခု ဖြစ်တည်လာခဲ့တယ်လို့ အောင်ထက်က ဆိုပါတယ်။

ပြိုင်ပွဲမဝင်မီ ဂီတအတွက် ကြိုးစား အားထုတ်ခဲ့ရတာတွေ၊ မိဘကို ဆန့်ကျင်ပြီး လျှောက်လှမ်းမှုတွေ၊ ဘယ်အရာတွေက သူ့ကို ပြိုင်ပွဲမှာ အထောက်အကူ ဖြစ်စေခဲ့လဲ ဆိုတာတွေကို မဇ္ဈိမက တွေ့ဆုံးမေးမြန်း ဖြစ်ခဲ့ပါတယ်။

အိပ်မက်ဆုံရာ ရာသက်ပန် ဝင်ပြိုင် ဖြစ်ခဲ့ပုံ အရင်ဆုံး ပြောပြပေးပါ။

အရင်ကတော့ ပြိုင်ပွဲတွေ ပြိုင်ဖူးပေမယ့် မိသားစု စားဝတ်နေရေးကြောင့် အမြဲတမ်း မလုပ်ဖြစ်ခဲ့ဘူး။ ကျွန်တေ်ာက အပြင်မှာသာ အလုပ်လုပ်နေပေမယ့် စိတ်က ဒီဟာပဲရှိတာ သီချင်းမဆိုရရင် မနေနိုင်တဲ့ အကျင့်က ရှိနေတော့ ရင်းနှီးတဲ့သူတွေ ပြောကြတယ်။ အိပ်မက်ဆုံရာ ရာသက်ပန် အစီအစဉ် ရှိတယ် အရင် အစီအစဉ်နဲ့ မတူဘူး version တွေ ဘာတွေ ပြောင်းဆိုရမယ် ဆိုတော့။ ဝင်ကြိုးစားကြည့်မယ် ဆိုပြီး ဝင်ပြိုင် ဖြစ်ခဲ့တာပါ။

ပြိုင်ပွဲ မဝင်ခင် ဖြတ်သန်း ခဲ့ရတဲ့ ဘဝအကြောင်းလေးလည်း နည်းနည်း လောက် သိချင်ပါတယ်။

သီချင်း မပြိုင်ခင် ဘဝ ကတော့ ပုံမှန် ဝင်ငွေရဖို့အတွက် စားဝတ်နေရေးအတွက် အလုပ်လုပ်တယ်။ ပေတယ် တေတယ်။ အမျိုးရင်းချာတွေနဲ့ နေရာတာထက် ဘော်ဒါ အပေါင်းအသင်းတွေနဲ့ နေတာများတယ်။ ကျွန်တော့် အလုပ်က Supervisor က Melody World 2008 အခွေထဲမှာ ပါတဲ့ ကိုသာလင်းထက် နဲ့ မိတ်ဆက်ပေးတယ်။ ကိုသာလင်းထက်က ကျွန်တော့်ကို တော်တော်များများ ကူညီပေးခဲ့တယ်။ အဲဒီ့မှာ အပြင်ပြိုင်ပွဲတစ်ခု စပြိုင်ခဲ့တယ်။

အဆိုတော် မတွင်ကယ်ရဲ့ အာရုံနောက်တဲ့အချစ် အခွေထွက်တော့ အဲဒီမှာ သူက သီချင်းဆိုပြိုင်ပွဲ လုပ်ပေးတာ သူ့အခွေဝယ်တဲ့သူတွေ အခွေမှာ ပါတဲ့ဖောင်ကို ဖြည့်ပြီး ပြိုင်လို့ရတယ် ဆိုတော့ အဲဒီမှာ ပြိုင်တော့ ဒုတိယဆု ရခဲ့တယ်။ အဲဒီနောက်ပိုင်း ပြိုင်ပွဲတွေ ဆက်ပြိုင်ခဲ့တယ်။ ဆုကြေးလေးတွေ ရတယ်။ ဒါပေမယ့် စားဝတ်နေရေးအတွက် ပြန်ကုန်တာပဲ။

အဲလိုနဲ့ ထပ်ပြီး ကြိုးစားလာတယ် သီချင်းတွေ ရေးဖြစ်လာတယ်။ အဲတာတွေက ကျွန်တော့အတွက် ဝမ်းစာဖြစ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် အမြဲ လေ့လာတယ်။ ထိုင်နေရင်းနဲ့လည်း ဒါပဲ တွေးဖြစ်နေတယ်။ ဒါပေမယ့် မိသားစု အခြေအနေ တစ်ခုကို ပြန်ထိန်းသိမ်းရမယ့် တာဝန် တခု ရှိနေတော့ ဒါကို ခဏထားပြီး ပုံမှန် ဝင်ငွေရမယ့် အလုပ်ကို ဝင်လုပ်တယ်။

ဝင်လုပ်နေတဲ့ အချိန်မှာလည်း ဒီလိုပဲ အဆင်ပြေပြေနဲ့ လုပ်လာခဲ့တာပေါ့။ ဒါပေမယ့် ဒီပိုးက ကျွန်တော့ကို သတ်လို့မရဘူး။ အဲဒါနဲ့ အလုပ်မတော့ဘူးကွာ ဆိုပြီး ဒီလောကထဲမှာပဲ ဝင်လုံးပြီး ကြိုးစားမယ် ဆိုပေမယ့် အားတွေ မာန်တွေသာ ရှိခဲ့တာ တကယ် ဖြစ်မလာခဲ့ဘူး။ တကယ် နေရာလည်း မရခဲ့ဘူး။ ဒီပြိုင်ပွဲ မဝင်ခင်ထိကတော့ တော်တော် ခက်ခဲခဲ့တယ်။ ကိုယ့်ဝါသနာ ကိုယ်လုပ်နေရတော့ ဆိုးဝါးတဲ့ အခြေအနေ ကြုံခဲ့ရင်တောင်မှ ကျွန်တော်က သိပ်ပြီး နောင်တ မရခဲ့ဘူး။ မိသားစု အပေါ်မှာ အလုပ်အကျွေး မပြုနိုင်တာ ရှိကောင်းရှိမယ်။ ဒီအလုပ်လုပ်နေရင်းနဲ့ တာဝန်မကျေခဲ့တာ ရှိမယ်။ ဒီအချိန်မှာတော့ ကျွန်တော် ယုံကြည်တဲ့ အလုပ် ကျွန်တော်ဝါသနာပါတဲ့ အလုပ် ဒီအလုပ်နဲ့ပဲ မိသားစုကို ပြန်ကူညီခွင့် ရမယ် ဆိုရင်တော့ ကျွန်တော် အတိုင်းထက်မသိ ဝမ်းသာနေမိမှာပါ။

ကိုယ် ဝါသနာပါတဲ့ အလုပ် လုပ်ဖို့အတွက် မိဘနဲ့ အတိုက်အခံ ဖြစ်ခဲ့ရလား။

အမေနဲ့တော့ ဖြစ်ခဲ့တယ်။ အဖေကတော့ တော်ရုံတန်ရုံ မပြောဘူး။ အမေကတော့ ဒီအလုပ်ကို မလုပ်စေချင်ဘူး။ ဒီအလုပ်က အပြင်လူ တစ်ယောက်အနေနဲ့ ကြည့်မယ်ဆို လုံးဝမရောရာတဲ့ အလုပ။် ဒါပေမယ့် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ဘယ်လောက် လုပ်နိုင်တယ်ဆိုတာ မြင်ရတယ် မြင်ရတယ် ဆိုပေမယ့် စမ်းတစ်ဝါးဝါးတော့ လျောက်ရမှပေါ့။ ဒီပြိုင်ပွဲဝင်တာ သိတော့ အမေက ဖုန်းဆက်တယ် ဒီတစ်ခါ လုပ်ပြန်ပြီလား ပေါ့။ ကျွန်တော် နားမထောင်ခဲ့ဘူး မိဘ အပေါ် အတ္တဆန်ရင်လည်း ဆန်ခဲ့မယ် ဒါပေမယ့် ဒီအလုပ်နဲ့ မိဘကို အလုပ်အကျွေး ပြုနိုင်တယ် ဆိုရင်တော့ ဝမ်းသာနေမိမှာပေါ့။ မိဘ ဆိုတာကတော့ အဆင်မပြေဖြစ်မှာ စိုးလို့ ပြောတာဖြစ်မယ်။ အမေဆိုတော့ စိုးရိမ်တာပေါ့။

သီချင်းဆို ပြိုင်တဲ့ အခါ ကိုယ်ပိုင်ဟန် ဖြစ်အောင် ပြောင်းပြီး ဖျော်ဖြေဖြစ်ပုံလည်း ပြောပြပါဦး။

သီချင်းတွေကို version ပြောင်းရတဲ့ အခါမှာ ကျွန်တော် ဒီပြိုင်ပွဲ မဝင်ခင်ကတည်းက ကိုယ့်ပုံစံလေးနဲ့ ဆိုဖြစ်တယ်။ လေ့လာ ထားတဲ့ အရာပေါ်မှာပဲ အခြေခံပြီး လုပ်ထားပါ။ အတီးပိုင်းမှာလည်း မတူတဲ့ ပုံစံ လုပ်ရမယ် ဆိုတော့ အရင်က ဝမ်းစာလည်း ရှိတယ်။ အခုမှ သိခဲ့ရတဲ့ အရာတွေလည်း အများကြီးပဲ။ ပုံစံတခု ပုံသေ ရှိတယ်ဆိုရင် ဒီပုံစံကနေ ဘယ်လို ခွဲထွက်လို့ ရမလဲလို့ အမြဲတွေးတယ်။ ဒါဟာ ရူးသွပ်မှုတစ်ခုပါ။ အရင် အသားကျပြီးသား သီချင်းတွေကို လုပ်ရတာ တော်တော်တော့ ခက်ခဲတယ်။ ကိုယ်ပုံစံ ဖြစ်အောင် လုပ်ရတာ ဆိုတော့ ခက်ခဲတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ မူရင်းပုံစံလည်း မပျောက်အောင် လုပ်နိုင်ခဲ့တယ်လို့ ထင်တယ်။ ပုံစံ ပြောင်းရတာတော့ တကယ် မလွယ်ခဲ့ဘူး။

ဂီတနဲ့ ပတ်သက်ပြီး ဘယ်အသက်အရွယ်လောက်ကတည်းက စလေ့လာ ဖြစ်လဲ။

အားအားရှိ ကျွန်တော် သီချင်းပဲဆိုတယ်။ ကျွန်တော့် လက်ထဲမှာရှိတဲ့ အရာသည် တူရိယာပဲ ဖြစ်တယ်။ တူရိယာ ဆိုတာ ခေါက်စရာရှိ ခေါက်နေတယ်။ တံမြက်စည်းရှိလဲ တီးနေတာပဲ။ အဲဒါတွေက ဝမ်းစာ အနေနဲ့ ဖြစ်ခဲ့တယ်။

ငယ်ငယ်လေးကတည်းက ဂီတ နဲ့ ပတ်သက်ပြီး လေ့လာတယ်။ ကျွန်တော် ဂစ်တာစတီးတာ ၁၆နှစ်သားက အဲအချိန်တုန်းက ဂစ်တာ အရမ်းတီးတတ်ချင်တာ သီးသန့်ကြီး ဂစ်တာသင်တန်း တက်ခဲ့တာ မဟုတ်ဘူး။ သူများဆီက ကျွန်တော် ဂစ်တာ သွားငှားရတယ်။ သူများဆီက ငှားတာ ဆိုတော့ အဟောင်းပဲ ပေးတာပေါ့။ အသစ်တော့ ဘယ်ပေးမလဲ။

ဖလက်တံက ကောက်နေတာမျိုး ကြိုးတွေက အပေါ် မြင့်နေတာမျိုး။ အဲလို ဂစ်တာ အစုတ်ကလေးနဲ့ သင်ခဲ့ရတယ်။ လူက အရမ်းရူးတာလေ ဒါနဲ့ ပတ်သက်ပြီး ။ ခဏလေးနဲ့ ကျွန်တော် တတ်သွားတယ်။ အဲဒီက စပြီး အတီးပိုင်း စတတ် ခဲ့တယ်လို့ ပြော ရမှာပေါ့။

သီချင်းဆိုတာ ကတော့ ကိုသာလင်းထက်ရဲ့ ဆရာ အခု ကျွန်တော့ ဆရာပေါ့ သီချင်း တစ်ပုဒ်ကို ခံစားပြီး ဆိုတယ် ဆိုပေမယ့် လည်း စကားလုံးရဲ့ အဖိအဖော့က ရှိတယ် ကိုယ်ကိုတိုင်ပဲ ခံစားပြီး ဆိုတာ သူများကို ရသ မပေးနိုင်ရင် အဆင် မပြေ ဘူးလေ ။ အဲဒီဆရာက ပဲ ဒီသီချင်းကို ဘယ်လို ဆိုသင့်တာမျိုး ပြောပြတယ်။ ကျွန်တော့ကို သင်ပြ ပေးခဲ့တယ်။ သီချင်း ရေးဖြစ်တာကတော့ ၁၆နှစ်သားလောက်က စရေးဖြစ်ခဲ့တယ်။

အိပ်မက်ဆုံရာ ရာသက်ပန် ပြိုင်ပွဲ ပြိုင်တဲ့အခါမှာရော အဓိက ဘာအခက်အခဲတွေ ကြုံခဲ့ရလဲ။

ရှိတယ်။ သွားလာဖို့ အတွက် ငွေရေးကြေးရေးကတော့ ခက်ခဲခဲ့တယ် ကျွန်တော်က ချမ်းသာတဲ့သူလည်း မဟုတ်ဘူးလေ။ ဒါပေမယ့် ကျွန်တော့်ကို ကူညီကြပါတယ်။

ကျွန်တော့်ကို အားပေးတဲ့သူတွေရဲ့ ကူညီမှုကြောင့်လည်း ဒီပြိုင်ပွဲကို အေးအေးဆေးဆေး ပြိုင်ခဲ့ရတာပါ။ အဆိုပိုင်းမှာတော့ အခက်အခဲ မရှိခဲ့ဘူး။ ကျွန်တော်က ဆိုနေကျ ဆိုတော့ ကိုယ်မသိတဲ့အရာဆို လေ့လာတယ်။ ပုံစံသစ် ဘယ်လိုလုပ် ရင်ကောင်းမလဲ ဆိုပြီး အမြဲတမ်း စဉ်းစားနေတာဆိုတော့ အဆိုပိုင်းမှာတော့ သီးသန့် ပြဿနာ မရှိခဲ့ဘူး။ ကျန်းမာရေး မကောင်း လို့ အပြည့်အဝ မချပြနိုင်ခဲ့တာပဲ ရှိတယ်။

ခြောက်လကြာ ပြိုင်ပွဲမှာ ဘယ်လို အတွေ့အကြုံတွေ ရခဲ့လဲ။

အကျိုးရလဒ် ကတော့ တော်တေ်ာများများပဲ။ အများနဲ့ အလုပ်လုပ်ရတဲ့ အပိုင်း အများကြီး အတွေ့အကြုံရတယ်။ ဂီတ နဲ့ ပတ်သက်တဲ့ အတွေ့အကြုံလည်း အများကြီးရခဲ့တယ်။ နောက်ထပ် လုပ်ရမယ့် အလုပ်တွေ အတွက်လည်း အများကြီး အထောက်အကူ ဖြစ်တယ်။ ဒါက ကျွန်တော့် ခြေထောက်ကို လှမ်းခွင့် ပေးလိုက်သလိုပါပဲ။

ကိုယ့်ကိုကိုယ် ဆုရမယ် လို့ကော နဂိုကတည်းက ယုံကြည်မှှု ရှိခဲ့လား။

ကျွန်တော် တစ်ပတ်နဲ့ တစ်ပတ် ဘယ်လို လုပ်ရမယ် ဆိုတာပဲ အာရုံစိုက် လာခဲ့တာ ဆိုတော့ ဖိုင်နယ် ရောက်လာခဲ့တယ်။ ယုံကြည်မှုရှိလား ဆိုတော့ အဲတာကိုတော့ ကျွန်တော် သေချာ မသိခဲ့ဘူး။ ဖိုင်နယ်မှာ ကျွန်တော် တို့ တစ်ယောက်ကို ၄ပုဒ်ဆီ ဆိုရတယ် ဒီသီချင်းကို ဘယ်လို ဆိုမယ် ဆိုတာပဲ စဉ်းစားလာခဲ့တာ ကျန်တာကတော့ ဒိုင်တွေ ဆုံးဖြတ်မှာလေ။ ကိုယ် ဘယ်လောက် ကြိုးစား ကြိုးစား ဆုရချင်မှ ရမှာလေ။ အဲတာကလည်း ရှိသေးတာ ဆိုတော့ သီးသန့်ကြီး တစ်ထစ်ချ တွက်ထားတာမျိုးတော့ မရှိဘူး။ ရတဲ့ဆုက ကိုယ့်ဆုပဲ ကိုယ့်ကို ပေးတဲ့ နေရာပဲ လို့ အဲလိုလေးပဲ ခေါင်းထဲမှာ တွေးထားခဲ့တယ်။

ဆုရပြီး နောက်ပိုင်း ဘာတွေ ဆက်လှုပ်ရှားဖို့ စီစဉ်ထားလဲ။

Music ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ဆက်တက်မယ်။ လေ့လာမှုတွေ လုပ်မယ် ကိုယ် Music နဲ့ ပတ်သက်လို့ လုပ်နိုင်တာ ဘာရှိလဲ အကုန်လုပ်မယ် ဂစ်တာနဲ့ ပတ်သက်လို့ ကိုယ်လုပ်နိုင်တာ အကုန်လုပ်မယ်။ Forever နဲ့ပဲ ဆက်သွားဖို့လည်း ရှိတယ်။ အခွေကတော့ လုပ်ဖြစ်မှာ သေချာတယ်။ ကိုယ်ပိုင် စီးရီးလည်း ထုတ်ချင်တယ်။ အရင်ကလည်း စီစဉ်ခဲ့တာ Plan ချခဲ့တာရှိတယ်။ ကျွန်တော် ရေးထားတဲ့ သီချင်းလေးတွေကို တစ်ခွေစာ လောက်တော့ သီးသီးသန့်သန့်လေး စီစဉ်ထားတာ ရှိတယ်။ ကျွန်တော်ကတော့ ဂီတနဲ့ ပတ်သက်တာတွေ ဆက်လုပ်နေမှာပါ။

ဂီတနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေ အတွက်ရော ဘာတွေ စဉ်းစားထားလဲ။

ကျွန်တော် ပီယာနို တီးတာနဲ့ပတ်သက်ပြီးတော့ သီးသီးသန့်သန့်လေး တက်မယ်။ ကျွန်တော် တယော ထိုးတာလည်း သဘောကျတယ်။ တယောအတွက် ကိုတော့ ကျွန်တော့် သူငယ်ချင်းက ကူညီပေးမယ် ပြောတယ်။ Music ပတ်သက်လို့ အသုံးပြုလို့ ရမယ် ထင်တဲ့ တူရီယာ ပိုင်းနဲ့ ပတ်သက်လို့ အကုန် တတ်ချင်တယ်။

သီချင်း ဆိုတဲ့အခါ သက်ဝင် လှုပ်ရှားမှုရှိဖို့ အတွက် ဘယ်လို ပြင်ဆင်ခဲ့လဲ။

သီချင်းကပေးတယ်။ မြူးဇစ် (Music) က ပေးတယ်။ မြူးဇစ်မှာ ခံစားမှုရှိသလို စာသားမှာလည်း ခံစားမှုရှိတယ်။ အဓိက ကတော့ စာသားက အခြေခံတာ စာသားက ဒီလို အဓိပ္ပါယ်ပေးလို့ မြူးဇစ်က ဒီလို တီးတာဆိုတော့ အခု ပြိုင်ပွဲမှာ ကိုယ်ကိုတိုင် version ပြောင်းရတာ ဆိုတော့ ပိုပြီးတော့ အဆင်ပြေတယ်။ သီချင်းကပေးတဲ့ ခံစားမှုအတိုင်း ကျွန်တေ်ာ လုပ်ခဲ့တာ။ သီချင်းက ဆွေးစရာဆိုရင် ဆွေးပြီး ဆိုမယ်။ လွမ်းစရာဆိုရင် လွမ်းပြီး ဆိုမယ် သီချင်းစာသားက ချစ်စရာလေးဆို ကျွန်တော် အဲဒီလို ဆိုမယ် စာသားက ခမ်းခမ်းနားနား ဆိုလည်း အဲလို ဆိုလိုက်မယ်။ ကျွန်တော် လုပ်နိုင်တဲ့ ဂီတနဲ့ ပတ်သက်လို့ ဒီဟာကိုပဲ ခံစားပြီး လုပ်မယ် အားလုံးလည်း နှလုံးသားနဲ့ ခံစားပြီးတော့ အသိအမှတ် ပြုပေးကြဖို့ မျှော်လင့်တယ်။

ဒီပြိုင်ပွဲက ကိုယ့် ဘ၀ အတွက် အချိုးအကွေ့ တစ်ခု ဖြစ်ခဲ့လား။

ဘဝအချိုးအကွေ့ တစ်ခု ဖြစ်သွားတယ်လို့ မြင်မိပါတယ်။ အရင်က ကျွန်တော် ကြိုးစားခဲ့တာ အရာမထင်ခဲ့ဘူးလေ။ အရာထင်တော့ ထင်လိမ့်မယ် ဒီအလုပ်အတွက် ဝမ်းစာ တစ်ခု အတွက်တော့ အရာထင်ခဲ့တယ်။ ဒီလို ဖြစ်လာဖို့တော့ အရာမထင်ခဲ့ဘူး။ ဝမ်းစာပဲ ကျွန်တော့်အတွက် ရခဲ့တယ် ဒီပြိုင်ပွဲက ပရိသတ်တွေရဲ့ ဆုံးဖြတ်မှုပါ ပါလာတော့ တစ်နိုင်ငံလုံး သိသွားတယ် ကျွန်တော်တို့ ကြိုးစားမှုကိုလည်း တစ်နိုင်ငံလုံး မြင်သွားတယ်။ အရင်ကတော့ မမြင်ဘူးလေ တိတ်တိတ်လေး ကြိုးစားခဲ့တာ ဆိုတော့ မမြင်ကြဘူး။ ကျွန်တော်တို့ ကြိုးစားမှုက ထင်သာမြင်သာတယ်ဆိုတော့ အသိအမှတ် ပြုပေးတဲ့ သူတွေကလည်း ထင်သာ မြင်သာ ရှိလာတော့ ကျွန်တော်တို့ ကြိုးစားရကျိုးလည်း နပ်တယ်။ အဲဒီအတွက် တကယ်ပဲ အားလုံးကို ကျွန်တော် ကျေးဇူး တင်ပါတယ်။

အားပေးခဲ့တဲ့ ပရိသတ်ကို ဘာများ ပြောချင်လဲ။

ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော့ကြိုးစားမှုကို အသိအမှတ် ပြုပေးနေတဲ့ မိတ်ဆွေတွေ ညီအကို မောင်နှမ သူငယ်ချင်းတွေ ဒီဂီတကို ခံစားတဲ့သူတွေ အားလုံးကို တကယ်ကိုပဲ ကျေးဇူးတင်ပါတယ်။ ဒီလို အသိအမှတ် ပြုမှုလေးက အမြဲတမ်း တည်မြဲ နေပါစေလို့ ဆုတောင်းနေပါတယ်။ ကြိုးစားမှုတိုင်းကို အသိအမှတ် ပြုပေးဖို့ တောင်းဆိုပါရစေ။ ကျွန်တော့် တစ်ယောက်ထည်း မဟုတ်ဘဲ ဂီတကို လုပ်နေတဲ့ အဓိက အသစ်တွေပေါ့ နည်းနည်းလေးပဲ ကြိုးစား ကြိုးစား အသိအမှတ် ပြုပေးစေချင်တယ်။ အားလုံးကို အသိအမှတ် ပြုပေးစေချင်ပါတယ်။ ကျွန်တော့်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။

အောင်ထက် ရဲ့ Fan တွေ နဲ့ရော နောက်ထပ် အလှူတွေ လုပ်ဖို့ စီစဉ် ထားလား။

နောက်ထပ်လည်း လုပ်ဖို့ရှိတယ် ကျွန်တော့ Fan တွေနဲ့ပဲ မိဘမဲ့ကလေး ကျောင်းတွေသွားမယ်။ ဘိုးဘွားရိပ်သာတွေ သွားလှူမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required