နှစ် ၂၀ ကြာ ထွက်ပြေးပုန်းအောင်းနေခဲ့သည့် အီတလီ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဦးအား ရဲက ဖမ်းမိ

နှစ် ၂၀ ကြာ ထွက်ပြေးပုန်းအောင်းနေခဲ့သည့် အီတလီ မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ဦးအား ရဲက ဖမ်းမိ

ဇွန် ၂၇ ။            ။ အီတလီ ရဲတပ်ဖွဲ့၏ အလိုရှိဆုံးသော မာဖီးယားဂိုဏ်းခေါင်းဆောင်များထဲမှ တစ်ဦးကို ဇွန်လ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၄၆ နှစ်ရှိ အာနက်စ်တို ဖာဇယ်လာရီ ဆိုသူ မာဖီးယားဂိုဏ်းခေါင်းဆောင်ကို နိုင်ငံတောင်ပိုင်း ကာလက်ဘရီယန် တောင်ကုန်းအရပ်ရှိ နေအိမ်တစ်လုံးတွင် ၎င်း၏ မိန်းကလေးသူငယ်ချင်းနှင့်အတူ အိပ်ပျော်နေစဉ် ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း အီတလီရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားသည်။

မာဖီးယားဂိုဏ်းခေါင်းဆောင် ဖာဇယ်လာရီကို ပြီးခဲ့သည့် နှစ်ကာလများစွာအကြာကတည်းက တရားရုံးက လူသတ်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ထားခဲ့ခြင်းဖြစ်ကာ ၎င်းသည် ထိုစဉ်အချိန်မှစ၍ နှစ် ၂၀ ကြာ ထွက်ပြေးလွတ်မြောက်နေခဲ့ခြင်းဖြစ်သည်။

၎င်းသည် ၁၉၉၆ ခုနှစ်ကတည်းက ထွက်ပြေးနေခဲ့ခြင်းဖြစ်ကာ ၁၉၉၉ ခုနှစ်တွင် တရားရုံးတစ်ခုက ၎င်းအားလူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှု၊ ငွေညစ်မှု နဲ့ မာဖီးယားဂိုဏ်းထူထောင်မှု စသည့်ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ထားခဲ့သည်။

ယင်း တရားရုံးက ပြစ်ဒဏ်ချမှတ်မှုသို့ ၎င်းတက်ရောက်ထားခဲ့ခြင်း မရှိဘဲ ထွက်ပြေးနေခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေခဲ့ရသည်။

ဖာဇယ်လာရီသည် အီတလီနိုင်ငံတွင် နာမည်ဆိုးထွက်နေသော မာဖီယားဂိုဏ်းတစ်ခုဖြစ်သည့် Ndrangheta တွင် ဦးဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ၎င်းတို့ဂိုဏ်းသည် ဥရောပဒေသတစ်လွှား တရားမဝင် ကိုကင်း ကုန်သွယ်မှုများ၏ နောက်ကွက်တွင် ပါဝင်ပတ်သက်နေခဲ့သည်ဟု ယုံကြည်ရသည်။

"  ရဲကအလိုရှိနေတဲ့ ဖာဇယ်လာရီကို အခုတော့ ဖမ်းမိခဲ့ပါပြီ၊ ဘာပဲဖြစ်ဖြစ် ရာဇဝတ် ပြေးမလွတ်ပါဘူး" ဟု အီတလီ ပြည်ထဲရေး ဝန်ကြီး အိန်ဂျယ်လီနို အယ်လ်ဖာနိုက ပြောသွားသည်။

ယခုအခါ အသက် ၄၁ နှစ်အရွယ် ၎င်း၏ မိန်းကလေးသူငယ်ချင်း ဖြစ်သူကိုလည်း တရားခံပြေးကို အားပေးကူညီမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်ရာတွင် ကြံရာပါဖြစ်မှု စသည့်ပြစ်မှုတို့ဖြင့်လည်း ဖမ်းဆီးထားခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required