ကချင်ဆရာမနှစ်ဦး အသတ်ခံရသည့်ကိစ္စ အမှုမှန်ပေါ်ရန် သမ္မတ၊ တပ်ချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို

ကချင်ဆရာမနှစ်ဦး အသတ်ခံရသည့်ကိစ္စ အမှုမှန်ပေါ်ရန် သမ္မတ၊ တပ်ချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆို
ကေဘီစီ ပညာဒါန ဆရာမ မရန်လုရာ နှင့် ခေါန်နန်စင်တို့ သတ်ခံရမှု တစ်နှစ်ပြည့်အောက်မေ့ဘွယ်ဆုတောင်းပွဲ နှင့် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၁၉ ရက်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ချင်းမိုင်၊ ဇွန် ၁၄ ။           ။ ကချင်စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး အဓမ္မကျင့်သတ်ခံရမှု အမှုမှန်ပေါ်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုုပ်(KBC)က သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ဇွန်လ ၁၃ ရက်က တောင်းဆိုလိုက်သည်။

“အစိုးရသစ်ဆိုတော့ အမှုပေါ်ပေါက်ဖို့ တင်ပြရတာပေါ့။ အမှုပေါ်ပေါက်မှုကတော့ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတမှု ဘယ်လောက်ရှိတယ်ဆိုတာကတော့ အဖြေပဲ။ ကျနော်တို့က ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲတွေ မရှိပါဘူး။ ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် အရေးယူဖို့ပါပဲ။”ဟု KBC အထွေထွေအတွင်းရေးမှူးဒေါက်တာ ခလမ်ဆမ်ဆွန်က မဇ္ဈိမကို ပြောသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က KBC လုပ်အားပေး ဆရာမ မရန်လုရာနှင့် မခေါန်နန်စင်တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် နမ့်တောင်းမြို့နယ် ကောင်းခါးကျေးရွာရှိ KBC ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်တွင် အဓမ္မပြုကျင့်ကာ အသတ်ခံရခြင်းဖြစ်သည်။ ယင်းကိစ္စကို အမှုမှန်ဖော်ထုတ်ပေးရန် ယခင်အစိုးရလက်ထက်ကတည်းက တင်ပြတောင်းဆိုခဲ့သော်လည်း တစ်နှစ်ကျော်ကြာသည်အထိ အမှုမှန်မပေါ်သေးပေ။

အစိုးရသစ်အနေဖြင့် အမှုမှန်ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

“သူတို့ရဲ့ (respond)တုံ့ပြန်မှုကို ကျနော်တို့ စောင့်နေမှာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

KBC၏ တောင်းဆိုစာကို နိုင်ငံတော်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် သမ္မတ၊ ဒုသမ္မတများ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အစိုးရဌာနဆိုင်ရာများ၊   မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့များ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ နည်းပညာအဖွဲ့၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့(PCG)၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ စသည့် အဖွဲ့အစည်းများကို ပေးပို့လိုက်သည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

KBC၏ အမှုမှန်ဖော်ထုတ်ရေးကော်မတီ အစည်းအဝေးကို ဇွန်လ ၄ရက်က ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် သမ္မတအပါအဝင် နိုင်ငံတော်ထိပ်ပိုင်း တာဝန်ရှိသူများထံ စာပို့တောင်းဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် KBC၏ အမှုမှန်ပေါ်ပေါက်ရေးကော်မတီကိုလည်း ယခင် ၁၇ဦးရှိရာမှ နိုင်ငံတကာ ဥပဒေအတွေ့အကြုံ ရှိသူများ အပါအဝင် ၄ ဦးကို ထပ်မံတိုးချဲ့ဖွဲ့စည်းကာ အဖွဲ့ဝင်စုစုပေါင်း ၂၁ဦး ရှိသွားပြီဖြစ်သည်။

အမှုနှင့် ပတ်သက်၍ ယင်းကော်မတီ နှင့် တပ်မတော်အရာရှိများ၊ အစိုးရဌာနဆိုင်ရာများက မေလ ၁၈ရက်က လားရှိုးမြို့တွင် တွေ့ဆုံခဲ့သေးသည်။ သို့သော် KBC၏ အမှုမှန်ဖော်ထုတ်ရေးကော်မတီက တပ်မတော်အရာရှိများကို တိုက်ရိုက်မေးမြန်းခွင့် မရရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly