ဒုတိယ အကြိမ် Myanmar Youth Micro Film ပြိုင်ပွဲ စက်တင်ဘာလတွင် ပြုလုပ်မည်

ဒုတိယ အကြိမ် Myanmar Youth Micro Film ပြိုင်ပွဲ စက်တင်ဘာလတွင် ပြုလုပ်မည်

ရန်ကုန်၊ ဇွန် ၁၀ ။             ။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ Channel 9 နှင့် Monnet Group တို့မှ ပူးပေါင်းပြီး ကျင်းပပြုလုပ်မည့် ၂၀၁၆ခုနှစ် အတွက် ဒုတိယ အကြိမ်မြောက် Myanmar Youth Micro Film ပြိုင်ပွဲကို စက်တင်ဘာလတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ပထမအကြိမ် Myanmar Youth Micro Film ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်မှ စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဇာတ်ကားပေါင်း ၂၂၂ ကား ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ပထမဆုကို ဒါရိုက်တာ ဘုဏ်းသိုက် ရိုက်ကူးသည့် "မျိုးဆက်" ဇာတ်ကားမှ ရရှိခဲ့သည်။

ဒုတိယ အကြိမ်မြောက် Myanmar Youth Micro Film ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ဇာတ်ကားများကို ဇွန်လ မှ သြဂုတ်လ ၃၁ရက်နေ့အထိ လက်ခံမည်ဖြစ်ပြီး စက်တင်ဘာ ၁ရက်မှ ၁၀ရက်နေ့ထိ ပဏာမရွေးချယ် မည် ဖြစ်ကာ နောက်ဆုံးရွေးချယ်ပွဲကို စက်တင်ဘာလ ၁၈ရက်၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

Micro Film Contest 2016တွင် ပါဝင်ယှဉ်ပြိုင်လိုသူများ အနေဖြင့် ဇာတ်ကား ကြာချိန် ၃မိနစ် မှ ၅မိနစ် အတွင်း ရှိရမည်ဖြစ်ပြီး အဆိုပါ ဇာတ်ကားအား မည်သည့် ကင်မရာ အမျိုးအစား နှင့်မဆို ရိုက်ကူးနိုင်မည် ဖြစ်ကာ ပြိုင်ပွဲခေါင်းစဉ် သတ်မှတ်ထားခြင်း မရှိပဲ ကြိုက်နှစ်သက်သည့် ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။

Micro Film Contest 2016 ပြိုင်ပွဲတွင် ဆုကြေးအဖြစ် ပထမဆုကို အမေရိကန် ဒေါ်လာ၆၀၀၀ နှင့်အတူ သြစတေးလျနိုင်ငံခရီးစဉ် လည်ပတ်ခွင့်၊ ဒုတိယဆုကို အမေရိကန်ဒေါ်လာ ၅၀၀၀၊ တတိယဆုအတွက် အမေရိကန်ဒေါ်လာ ၃၀၀၀ သတ်မှတ်ထားပြီး နှစ်သိမ့်ဆု ၇ ဆု အတွက်ကို အမေရိကန်ဒေါ်လာ ၅၀၀ သတ်မှတ် ထားသည်။

ထိုဆုများအပြင် ပြိုင်ပွဲတွင် People's Choice ဆုကိုလည်း ချီးမြှင့်ပေးမည်ဖြစ်ပြီး People's Choice ဆုရရှိသူ သည် အမေရိကန်ဒေါ်လာ ၅၀၀ နှင့်အတူ ပြည်ပနိုင်ငံတွင် Shooting Workshop တတ်ရောက်ခွင့် ရရှိမည် ဖြစ်သည်။

Micro Film Contest 2016 ပြိုင်ပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက Myanmar Micro Film Contest ၏ Facebook page နှင့် တရားဝင် website များတွင် ဝင်ရောက် လေ့လာ နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly