ထိုင်းမော်ဒယ်သရုပ်ဆောင် Phatchara thabthong Myanmar Media 7 အနုပညာလှုပ်ရှားမှု အသိပေးခြင်း အခမ်းအနားကို တက်ရောက်

ထိုင်းမော်ဒယ်သရုပ်ဆောင် Phatchara thabthong Myanmar Media 7 အနုပညာလှုပ်ရှားမှု အသိပေးခြင်း အခမ်းအနားကို တက်ရောက်
ဓာတ်ပုံ-ပန်းမြတ်ဇော်
 

ရန်ကုန်၊ ဇွန် ၂ ။               ။ Myanmar Media 7 မှ ပြုလုပ်မည့် အနုပညာလှုပ်ရှားမှု အသိပေးခြင်း အခမ်းအနားကို ဇွန်လ၂ရက်တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး နာနာဘာဝ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်မည့် ထိုင်းမော်ဒယ်သရုပ်ဆောင် Phatchara thabthong လည်း တက်ရောက်ခဲ့သည်။

ထိုအခမ်းအနားကို ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အနုပညာရှင်များ၊ စာနယ်ဇင်းမီဒီယာများ တက်ရောက်ခဲ့ကြပြီး Myanmar Media 7 မှ ၎င်းတို့ ပြုလုပ်မည့် အနုပညာလှုပ်ရှားမှုများကို အသိပေးပြောကြားခဲ့သည်။

Myanmar Media 7 က ပြုလုပ်သည့် အနုပညာလှုပ်ရှားမူများအား အသိပေးခြင်း အခမ်းအနားတွင် ဆွစ်ဇာလန်၊ ပြင်သစ်၊ စပိန်၊ နယ်သာလန်၊ အီတလီ၊ ဘယ်လ်ဂျီယံ စသည့်နိုင်ငံ ၆ နိုင်ငံသို့ သွားရောက် မည့် Let's go to Europe အစီအစဉ်နှင့် ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီးအား မိတ်ဆက်ပွဲနှင့် Charm ll ရုပ်သံဇာတ်လမ်းတွဲ တို့ ရိုက်ကူးမည့် အကြောင်းအရာများ သရုပ်ဆောင် ဗေလုဝနှင့် ထိုင်းမင်းသမီးတို့ ပါဝင် သရုပ်ဆောင်မည့် နာနာဘာဝ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည့် အစီအစဉ်များကို မိတ်ဆက်ခဲ့သည်။

ထိုင်းမော်ဒယ်သရုပ်ဆောင် Phatchara thabthong သည် မြန်မာနိုင်ငံသို့ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပြီး နာနာဘာဝ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ရန် အတွက် ရိုက်ကူးမည့် ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့် လာရောက်တွေ့ဆုံခြင်း ဖြစ်သည်။

Phatchara thabthong က "နာနာဘာဝ ဇာတ်ကားအကြောင်း ဆွေးနွေးဖို့ လာခဲ့တာပါ။ သရဲအကြောင်းနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေ မရိုက်ဖူးတာရယ် မြန်မာပြည်ကလူတွေနဲ့လည်း ဇာတ်ကားမရိုက်ဖူးသေးတဲ့ အတွက် လက်ခံဖြစ်တာပါ။ ဒီကားက ပထမဆုံးဆိုတော့ ရင်ခုန်ပါတယ်။ အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ။ အခုလို မြန်မာပြည် လာရတဲ့ အတွက် အရမ်းလဲ စိတ်လှုပ်ရှားတယ် ရင်လည်းခုန်ပါတယ်" ဟု ပြောသည်။

၎င်းသည် ဇွန်လ ၂ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး Myanmar Media 7 က ပြုလုပ်သည့် အနုပညာ လှုပ်ရှားမူများအား အသိပေးခြင်း အခမ်းအနား တက်ရောက်ခဲ့သည်။ ညနေပိုင်းမှာတော့ ၎င်း ပါဝင် သရုပ်ဆောင်မည့် နာနာဘာဝ ရုပ်ရှင်ဇာတ်ကားကြီး နှင့် ပတ်သက်ပြီး သရုပ်ဆောင် ဗေလုဝ၊ ဒါရိုက်တာ ညီညီထွန်းလွင်၊ တွဲဖက်ဒါရိုက်တာ သြရသတို့နှင့် တွေ့ဆုံခဲ့သည်။

Phatchara thabthong သည် ဇွန်၃ရက်တွင် ရွှေတိဂုံဘုရား၊ ဗိုလ်တစ်ထောင်ဘုရားသို့ သွားရောက်မည်ဖြစ်ပြီး ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။ ၎င်းအနေဖြင့် နာနာဘာဝ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင် သရုပ်ဆောင်ရန် အတွက် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required