ဦးဌေးဦးယာဉ်တန်း လုံခြံုရေး လိုက်ပါမပေးကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးငြင်း

ဦးဌေးဦးယာဉ်တန်း လုံခြံုရေး လိုက်ပါမပေးကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးငြင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဌ ဦးဌေးဦး(ဓာတ်ပုံ - မင်းမင်း၊ မဇ္ဈိမ)

ဟင်္သာတ၊ မေ ၂၉ ။              ။ ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ ဟင်္သာတမြို့နယ်တွင်း ခရီးစဉ်များတွင် လမ်းကြောင်း လုံခြုံရေးယာဉ်တန်း ပေးအပ်ထားဟု သတင်းထွက်ပေါ်နေမှုမှာ မဟုတ်ဟု ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတိုးဝင်းက မဇ္ဈိမကို ပြောသည်။

"လုံခြုံရေးယာဉ်တန်းကော တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ လိုက်ပါခြင်း မရှိပါဘူးခင်ဗျ။" ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဟင်္သာတမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကိုက ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြ မေးမြန်းထားခြင်းဖြစ်သည်။

ဟင်္သာတမြို့ရှိ ဦးဌေးဦး၏ နေအိမ်တွင် နေထိုင်သူတစ်ဦးက "အဘ လာရင်တော့ သူစီးနေကျ ကားနှစ်စီးအပြင် မြို့နယ် ပြည်ခိုင်ဖြိုးက ကားတွေ ပါတာတွေ့ရတယ်။ တစ်ခြားကားတွေလည်း တွေ့တာပေါ့။ အရင်လတွေကအထိ သူလာရင် မော်တော်ပီကယ်ပါတယ်။ မော်တော်ပီကယ်တွေက ရွှေစေတီလမ်းနဲ့ ဈေးကလေးလမ်းဆုံတဲ့ အဘအိမ်နားက လမ်းဆုံမှာ စောင့်ရတယ်။ အခုတစ်ခေါက်တော့ မော်တော်ပီကယ်တို့ လုံခြုံရေး ရဲတို့ ကျနော်လည်း မတွေ့မိသလိုပဲဗျ။ ပုံမှန်အားဖြင့်တော့ ခယက ကားနဲ့ တစ်ခြားကားတွေ ပါလာတာတွေ့ရတယ် ခင်ဗျ။ မှတ်မှတ်ရရ သူတိုင်းမှူး စဖြစ်ခါစ ပထမဆုံး အခေါက်ကဆို သူလာရင် ရပ်ကွက်ထဲ ဝင်ထွက် သွားလာခွင့် ပိတ်တယ်ခင်ဗျ။ သူပြောလိုက်ပုံရပါတယ်။ နောက်တော့ လုံခြုံရေးကားတွေ ပါလာတာ မတွေ့ရသလို သူလိုကိုယ်လိုပဲ ညဘက်ကြီးလည်း ရောက်ချလာတာပါပဲ" ဟု မဇ္ဈိမကို ပြောသည်။

ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးဌေးဦး အနေဖြင့် ဟင်္သာတမြို့နယ်သို့ သွားလာရာတွင် လုံခြုံရေးယာဉ်တန်း လိုက်ပါမှုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်နေပြီး ဝေဖန်သံများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required