ကျွန် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့စဉ်က ယဉ်ကျေးမှုဌာနက အမည်ပြောင်းခိုင်းခဲ့

ကျွန် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့စဉ်က ယဉ်ကျေးမှုဌာနက အမည်ပြောင်းခိုင်းခဲ့

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူး ပုံဖော်ထားသည့် ကျွန်အမည်ရှိ ရုပ်ရှင်ဇာတ်ကား ကို ပုဂံတွင် သွားရောက် ရိုက်ကူးခဲ့စဉ်က ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဇာတ်ကားနာမည်ကို ပြောင်းခိုင်း သည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ကျွန် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးကို အောင်တိုင်းကျော် ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်မှ ၂၀၁၅ ခုနှစ်တွင် ပုဂံ၌ ရက်၂၀ ကျော်ကြာ သွားရောက် ရိုက်ကူးခဲ့သည်။

"ကျွန် ဆိုတဲ့ ရုပ်ရှင်ကား ပုဂံမှာ ရိုက်နေတဲ့ အချိန် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျွန်တော်ကို ပိတ်ပါတယ်။ ဒီကား နာမည်ကို အဲ့နာမည်မပေးပါနဲ့တဲ့ နာမည်ပြောင်းပေးပါ ဆိုတော့ ရိုက်နေပြီလေ။ ဒီကားနာမည် ပေးရခြင်း အကြောင်းက ကျွန်ဆိုတာ ဘုရားကျွန်ဆိုတာ ရှိတယ် အရင်ခေတ်ကတည်း က ပုဂံမှာ ရှိခဲ့တဲ့ အလေ့အထ တစ်ခု  ဒါပေမယ့် ကျွန်တော် ပြောချင်တဲ့ ဘုရားကျွန်ဆိုတာ လောက ကြီးမှာ လောဘနောက် လိုက်နေတဲ့ သူတွေလည်း လောဘကျွန်ပဲ ဒေါသနောက်လိုက်နေရင်လဲ ဒေါသကျွန်ပဲ တဏှာနောက်လိုက် နေရင်လည်း တဏှာကျွန် အကုန်လုံးက အဲ့လိုကြားထဲမှာ ဘုရား ဝေယာဝေစ္စလုပ်ပြီး ဘုရားကျွန် လုပ်နေတဲ့သူက ပိုမြတ်တယ် ဆိုတာ ပြောချင်တာ။ ကျွန်တွေထဲမှာ ဘုရားကျွန်က မြတ်တယ် ဆိုတာကို ပြောချင်တာ အမှန်တကယ် ဌာနဆိုင်ရာတွေက ပူးပေါင်းဖို့ ကောင်းတဲ့ဟာကို နာမည်ပြောင်းခိုင်းတော့ ရှက်ဖို့ကောင်းတယ်လေ ကျွန်တော် ကတော့ နာမည် မပြောင်းပါဘူး။ ဒီနာမည်နဲ့ပဲ အခု ဆင်ဆာကျပါပြီ" ဟု ပြောသည်။

ထို ရုပ်ရှင်ဇာတ်ကားကြီးသည် ဝတ္တု ကမုတ်မေ၊ ဇာတ်ညွှန်း မင်းခိုက်စိုးစံ၊ ထက်မြတ်နိုင်ဇင် တို့ဖြစ်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်မှ ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ မြင့်မြတ်၊ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာ၊ ရဲအောင်တို့အပြင် တခြား သရုပ်ဆောင်များလည်း ပါဝင် သရုပ်ဆောင်ထားကြသည်။

ဇာတ်လမ်းပုံစံမှာ ရဲအောင်နှင့် စိုးမြတ်သူဇာ တို့၏ သားအဖြစ် နေတိုးမှ ပါဝင် သရုပ်ဆောင် ထားပြီး  နိုင်ငံခြား တွင် Hotel Management တက်ရောက်ပြီး မြန်မာပြည် ပြန်ရောက်လာကာ ပုဂံတွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးလည်းဖြစ်သည်။ ဝတ်မှုံရွှေရည်ကတော့ Travel & Tour ကုမ္ပဏီ တည်တောင်ထားပြီး နေတိုးနှင့် မိတ်ဆွေများလည်း ဖြစ်ကြပြီး နေတိုး၏ သူငယ်ချင်းဖြစ်သူ စာရေးဆရာ တစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ထားသည့် မြင့်မြတ်မှ ပုဂံတွင် စာလာရေးရင်း ဖြစ်ပေါ်လာသည့် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ဖြစ်သည်။

ကျွန် ရုပ်ရှင်ဇာတ်ကားကြီးသည် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကား များတွင် ပုံမှန် ကုန်ကျစရိတ်ထက် ပိုများသည့် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလည်း ဖြစ်သည်။ ထို ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၇ ခုနှစ် ဧပြီလထဲတွင် ရုံတင်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required