ထိုင်ဝမ် သမ္မတ အပျိုကြီး ဖြစ်နေခြင်းကြောင့် နိုင်ငံရေးအရ မအောင်မြင်နိုင်ဟု တရုတ်နိုင်ငံပိုင် သတင်းစာ ဝေဖန်ရေးသား

ထိုင်ဝမ် သမ္မတ အပျိုကြီး ဖြစ်နေခြင်းကြောင့် နိုင်ငံရေးအရ မအောင်မြင်နိုင်ဟု တရုတ်နိုင်ငံပိုင် သတင်းစာ ဝေဖန်ရေးသား

ထိုင်ဝမ်၏ ရွေးကောက်ခံ သမ္မတသစ် ဖြစ်လာခဲ့သော ဆိုင်အင်ဝမ်၏ အိမ်ထောင်မရှိသည့်အချက်က သမ္မတ ရာထူးတာဝန်အတွက် သင့်တော်မှုမရှိကြောင်းကို တရုတ်နိုင်ငံပိုင် သတင်းစာတစ်ခုက ရေးသားဖော်ပြခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တရုတ်နိုင်ငံပိုင် သတင်းစာ ဆင်ဟွာတွင် မေလ ၂၄ ရက်က ဖော်ပြထားသော မစ္စ ဆိုင်အင်ဝမ်အကြောင်း အကဲဖြတ် သုံးသပ်ချက် သတင်းဆောင်းပါးတစ်ခု၌ သူမ၏ တစ်ကိုယ်တည်း အပျိုကြီးဖြစ်နေခြင်းက နိုင်ငံရေး ဟန်ပန်နှင့် မူဝါဒရေးရာချမှတ်မှုပိုင်းတို့အပေါ် မည်ကဲ့သို့ သက်ရောက်နေသည်ဆိုသည်ကို ဝေဖန်ရေးသားထားသည်ကို တွေ့ရသည်။

" အိမ်ထောင်မရှိတဲ့ အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးအနေနဲ့ကတော့ သူ့ဆီမှာ အချစ်နဲ့ ပတ်သက်လို့ စိတ်ခံစားချက် ဝန်ထုတ်ဝန်ပိုးတွေ ရှိမနေပါဘူး၊ မိသားစု အနှောင်အဖွဲ့တွေ မရှိသလို ကလေးအတွက် ပူပန်စရာမလိုတဲ့အချက်တွေကို တွေ့ရပါတယ်။ အဲဒါကြောင့်လည်း သူမရဲ့ နိုင်ငံရေး ဟန်ပန်နဲ့ နည်းနာတွေဟာ တစ်ခါတစ်ရံမှာ စိတ်လွတ်လက်လွတ်နဲ့ အစွန်းရောက်တာတွေ ရှိလာနိုင်ပါတယ်" ယင်း သတင်းဆောင်းပါးတွင် ရေးသားထားသည်။

ယင်းဆောင်းပါး၏ ဆိုလိုရင်းမှာ ဆိုင်အင်ဝမ်၏ နိုင်ငံရေး ချဉ်းကပ်မှု နည်းလမ်းမှာ ရေတိုကာလဘက်သို့သာ ဦးတည်မည်ဟု သုံးသပ်ထားသည်။

" သူ့အနေနဲ့ နိုင်ငံရေးရာ မဟာဗျူဟာ လမ်းကြောင်းတွေရဲ့ လားရာနဲ့ ပတ်သက်လို့ သိပ်အလေးထားမှာမဟုတ်ပါဘူး၊ အသေးစိတ် အကြောင်းအရာတွေအတွက်ပဲ ကာလတိုအတွက် ပဲ စဉ်းစားပါလိမ့်မယ်၊ သူဟာ ရေတို ရည်မှန်းချက်တွေဘက်ပဲ အားသန်နေပါလိမ့်မယ်၊ ရေရှည်အတွက် စဉ်းစားမှာမဟုတ်ပါဘူး" ဟု ယင်းသတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ တရုတ်နိုင်ငံပိုင်သတင်းစာ၏ ယင်းဆောင်းပါး ဖော်ပြပြီးနောက်ပိုင်း အခြားသော တရုတ် သတင်းဝက်ဆိုဒ်များတွင်လည်း ပြန့်နှံ့ရောက်ရှိသွားခဲ့သည့် ယင်းရေးသားချက်အပေါ် နိုင်ငံတွင်းရှိ အွန်လိုင်းအသုံးပြုသူအများက ဝေဖန်ခဲ့ကြသည်။ အွန်လိုင်းအသုံးပြုသူများက တောင်ကိုရီးယား သမ္မတ ပက်ဂွန်းဟေးနှင့် ယခင် တရုတ် ဒုဝန်ကြီးချုပ်ဟောင်း ဝူယီတို့၏ နိုင်ငံရေးအောင်မြင် မှုများဖြင့် ထောက်ပြကာ ယခုကဲ့သို့ ဆိုင်အင်ဝမ်အား ရှုတ်ချရေးသားခြင်းအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required