ပေါက်တောမြို့နယ်အတွင်း ဒီရေဒဏ်ကြောင့် ဝင်ရောက်ခိုလှုံလာသူ ၈၀ ရှိ

ပေါက်တောမြို့နယ်အတွင်း ဒီရေဒဏ်ကြောင့် ဝင်ရောက်ခိုလှုံလာသူ ၈၀ ရှိ
ပေါက်တောမြို့နယ်သို့ ခိုလှုံလာသည့် မုန်တိုင်းသင့် ဒုက္ခသည်များ (ဓာတ်ပုံ -ကျော်မင်း/စစ်တွေ)

စစ်တွေ၊ မေ ၂၁ ရက် ။              ။ ရွန်နု မုန်တိုင်းဒဏ်ကြောင်း ဒီရေမြင့်တက်လာမှုဒဏ်ကို ရင်ဆိုင်လာရသည့်အတွက် ချောင်းသာကြီးကျေးရွာနှင့် ကျောက်ဆူးကျေးရွာက ဒေသခံများသည် မေ ၂၁ရက် နံနက် ၈ နာရီခန့်က ပေါက်တောမြို့နယ်သို့ ဝင်ရောက်ခိုလှုံ့လာကြောင်း သိရသည်။

ခိုလှုံ့လာကြသူများကို လက်ရှိအခြေနေတွင် ပေါက်တောမြို့ရှိ သာသနာဗိမာန်တွင် နေရာ ချပေးထားပြီး စားရေးသောက်ရေးကိစ္စများနှင့် ပါတ်သက်ပြီး မြို့ပေါ်မှ အလှူရှင်များက ကောက်ခံကျွေးမွေးထားကြောင်း သိရသည်။

“ ဒီနေ့ မနက်ကတော့ လူတွေက သူတို့အစီစဉ်နဲ့ သူတို့စားသောက်လိုက်ကြပါတယ်။ လက်ရှိ အချိန်ထိတော့ လူတွေက ထပ်လို့တော့ မရောက်လာသေးပါဘူး၊ လူမှုကယ်ဆယ်ရေးတွေကိုလည်း လမ်းပြီးတော့ အသိပေးထားပါတယ်၊ အနီးအနားက ကျေးရွာတွေမှာတော့ တောင်ပေါ်တွေကို တက်ပြီးနေထိုင်ကြတယ်လို့ သိရပါတယ်’’ ဟု ပေါက်တောမြို့နယ် မဲဆန္ဒနယ်က ပြည်သူလွှတ်တော်အမတ် ဦးအောင်ကျော်ထွီးက မဇ္ဈိမကို ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း ကမ်းခြေကို ဦးတည်နေသော်လည်း မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်ပါသဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုအန္တရာယ်ကို ခံစားရမည်ဖြစ်ပါ၍ လက်ရှိအခြေအနေကို လိမ္မော်ရောင်အဆင့်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required