မသန်စွမ်းသူများ အဆင့်မြင့် နည်းပညာများသိရန် လိုအပ်ဟုဆို

မသန်စွမ်းသူများ အဆင့်မြင့် နည်းပညာများသိရန် လိုအပ်ဟုဆို

ရန်ကုန်၊ မေ ၁၂ ။            ။ မသန်စွမ်းသော သူများသည် ခေတ်နဲ့အညီ နည်းပညာများ သုံးစွဲလာတာနှင့်အမျှ ဘေးထွက်ဆိုးကျိုးများအား သိရှိနားလည်ရန်နှင့် အသုံးချတက်ရန် အတွက် အဆင့်မြင့် နည်းပညာများကို သိရန်လိုအပ်ကြောင်း TECHCAMP for Person with Disabilities တွင် စီမံကိန်း မန်နေဂျာနှင့် စီစဉ်သူ ကိုရဲဝင်းက ပြောကြားခဲ့သည်။
 
မသန်စွမ်းသောသူများသည် Facebookနှင့် Viber ကဲ့သို့ လူမှုကွန်ယက်များကို အသုံးများပြီး ယင်းတို့၏ ဘေးထွက်ဆိုးကျိုးများကို မသိရှိခြင်း၊ ယင်းနည်းပညာများကို အဆင့်မြင့်တင်ပြီး   ကောင်းကျိုးအတွက်  မည်သို့ အသုံးပြုရမည်ကို မသိကြောင်း ISchool Myanmarမှ မေ ၁၁ ရက်မှ ၁၃ရက်ထိ ခဝဲခြံမျက်မမြင်ကျောင်း၌ ကျင်းပသော TECHCAMP for Person with Disabilities ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ISchool Myanmar တည်ထောင်သူ ဒေါ်နော်ဇာဖြူက "ကျွန်မ မသန်စွမ်းအမျိုးသမီးတစ်ယောက်နဲ့တွေ့တော့ သူမက Facebookသုံးတဲ့အခါမှာ အခြားသူတွေက   သူမကို tagတာကို  မကြိုက်ဘူး အဲ့တာတွေပျောက်အောင် ဘယ်လိုလုပ်ရမှန်း မသိဘူးဖြစ်နေတယ်။ တချို့Page တွေကိုလဲ ဘယ်လိုပျောက်အောင်လုပ်ရမလဲမသိဘူး ဖြစ်နေတယ်။ ပြီးတော့အဲ့တာတွေကို မသုံးတက် မလုပ်တက်တာက အခက်ခဲဖြစ်တယ် ပြောလို့မသန်စွမ်းတွေလည်း အဆင့်မြင့်နည်းပညာတွေ လိုအပ်နေပါလားလို့တွေးမိပြီး ဒီလိုပွဲလေး ကျင်းပရတာ" ဟုပြောသည်။
 
ISchool Myanmarမှ အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာများကို သန်စွမ်းသော လူငယ်များအတွက် သင်တန်းများ ပေးဖူးခဲ့ကြောင်း၊ မသန်စွမ်းသူများ၏ အခက်အခဲများကို ကြားခဲ့ရကြောင်းနှင့် မသန်စွမ်းသူများတွင်လည်း နည်းပညာနားလည်မှုလိုအပ်နေသောကြောင့် ဖုန်းနှင့် ကွန်ပျူတာ သုံးစွဲနေသော မသန်စွမ်းသောသူများကိုသာ ရွေးချယ်ပြီး ယခုပွဲကို ကျင်းပပြုလုပ်ကြောင်း   ဒေါ်နော်ဇာဖြူက ပြောသည်။
 
အစီအစဉ်သို့လာရောက်တက်ရောက်သူ ကိုဝဏ္ဏကျော်က ကိုယ်အင်္ဂါမသန်စွမ်းသောသူများသည် သန်စွမ်းသောသူများကဲ့သို့ခွန်အားဖြင့်လုပ်ရသော အလုပ်များတွင် မလုပ်ဆောင်နိုင်ကြောင်း၊ ဦးနှောက်ကို အသုံးပြုပြီး လုပ်ဆောင်ရသော နည်းပညာကိုသာဆောင်ရွက်နိုင်ကြောင်း၊ အချို့အလုပ်များ ပြီးမြောက်အောင်မြင်ရန်အတွက် မိမိအစွမ်းအစနှင့် နည်းပညာပေါင်းစပ်မှသာ ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required