မြိတ်တွင် စစ်ယာဉ်တန်းကပစ်ခတ်၍ မသန်စွမ်းအမျိုးသမီးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရရှိ

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
20 March 2023
မြိတ်တွင် စစ်ယာဉ်တန်းကပစ်ခတ်၍ မသန်စွမ်းအမျိုးသမီးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရရှိ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၁၈ ရက် နေ့က စစ်ကောင်စီတပ်ယာဉ်တန်းက ဦးတည်ရာမဲ့ပစ်ခတ်မှုကြောင့် မသန်စွမ်းအမျိုးသမီးငယ် အပါအဝင် နှစ်ဦးကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့မှ မြိတ်မြို့ဘက်သို့ဆင်းလာသော စစ်ကောင်စီတပ်ယာဉ်တန်းရှေ့မှပွိုင့်ကားက မတ်လ ၁၈ ရက်နေ့ ည ၇ နာရီ အချိန်တွင် ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများက ဆိုသည်။

“သူတို့က အဲဒီလိုပစ်တာကို လမ်းရှင်းတယ်လို့ ပြောတာပဲ။ ဘာလမ်းရှင်းတာလဲတော့  မသိဘူး လူနေအိမ် တွေကိုပဲ သေနတ်နဲ့ပစ်နေတယ်” ဟု တုံးဗျောကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်ကပစ်ခတ်မှုကြောင့် တုံးဗျောကြီးကျေးရွာနေလူငယ်တစ်ဦး အိမ်ဝရံတာရှေ့တွင် ဂိမ်းကစားနေစဥ် ပခုံးတစ်ချက် ထိမှန်ပြီး မြိတ်ဆေးရုံကြီးသို့ ပို့ဆောင်ထားရသည်။ အလားတူ နေအိမ်အတွင်း၌ရှိနေသော မသန်စွမ်း အမျိုးသမီးငယ်တစ်ဦးလည်း နားရွက်တစ်ဖက် ထိမှန်ပဲ့ထွက်သွား ကြောင်း ဒေသခံများက ပြောသည်။

“အရင်ကဆိုရင် စစ်ကားတွေ သူဟာသူဆင်း၊ သူဟာသူ တက်သွားတာပါပဲ၊ အခုလို အိမ်ထဲကို သေနတ်နဲ့ ပစ်တာက တစ်ခါမှ မကြုံရသေးဘူး”ဟု ဒေသခံ တစ်ဦးကလည်း ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း တနင်္သာရီမြို့နယ် ရေခမ်းချောင်းရွာရှိ ဥယျာဥ်ခြံများနှင့် လူနေတဲများအပါဝင် ကွမ်းသီးအခြောက်လှန်းသည့်နေရာများကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။

စာတည်း။  ။ နောင်နောင်
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly