ဗင်နီဇွဲလားတွင် စစ်သားများ စီးပွားရေးအကျပ်တည်းကြောင့် ဆိတ်များ ခိုးယူသည်အထိ အခြေနေဆိုးလာ

ဗင်နီဇွဲလားတွင် စစ်သားများ စီးပွားရေးအကျပ်တည်းကြောင့် ဆိတ်များ ခိုးယူသည်အထိ အခြေနေဆိုးလာ

မေ ၅ ။              ။ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများအောက် ရောက်ရှိနေသော ဗင်နီဇွဲလားနိုင်ငံတွင် စစ်သားများသည်ပင်လျင် ရိက္ခာပြတ်လပ်နေပြီဖြစ်သဖြင့် ရိက္ခာအတွက် ပိုင်ရှင်ရှိ ခြံများထဲမှ ဆိတ်များကို သွားရောက်ခိုးယူခဲ့ရသည်အထိ အခြေအနေဆိုးရွားနေပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းနိုင်ငံတွင် ဖြစ်ပွားနေသော အခြေအနေများကို ကြည့်လျင် နိုင်ငံ ကာကွယ်ရေး တာဝန်ထမ်းဆောင်နေသည့် စစ်သားများကိုယ်တိုင်ပင် ၎င်းတို့ တစ်နေ့တာ စားနပ်ရိက္ခာ နပ်မှန်ရေးအတွက် ရုန်းကန်နေရပြီဖြစ်သည် ကို တွေ့ရမည်ဖြစ်သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဗင်နီဇွဲလား စစ်တပ်မှ စစ်သားခြောက်ဦးသည် သူတစ်ပါး ခြံများအတွင်းရှိ မွေးမြူထားသော ဆိတ်များကို ခိုးယူခဲ့ရာတွင် ဒေသအာဏာပိုင်များက ဖမ်းဆီးမိခဲ့ကြောင်း ယင်းနိုင်ငံ ပြည်တွင်းသတင်းဌာနက တစ်ခုက ဖော်ပြခဲ့သည်။ အဆိုပါ စစ်သားများကလည်း ၎င်းထံတွင် စားစရာ ရိက္ခာပြတ်လပ်နေပြီဖြစ်သဖြင့် ယခုလို ဆိတ်များ လာရောက်ခိုးယူရခြင်းဖြစ်ကြောင်း ဝန်ခံသွားခဲ့သည်ဟု သိရသည်။ ၎င်းတို့၏ ကျောပိုးအိတ်များထဲတွင် အခြား စားစရာများ ကျန်ရှိမနေတော့ဟု သိရသည်။

" နိုင်ငံမှာ စီးပွားရေးကလည်း ကျနေ၊ စစ်တပ်မှာလည်း ရိက္ခာက လုံလုံလောက်လောက် ရှိမနေတဲ့အချိန် ဒီလိုမျိုး စစ်သားတွေ သူများဆိတ်ကို ခိုးရတဲ့အထိ ဖြစ်လာတာကတော့ ကောင်းတဲ့ လက္ခဏာတစ်ရပ်တော့မဟုတ်ပါဘူး၊ ဒီလိုမျိုး ကိစ္စတွေ နိုင်ငံအနှံ့အပြား ဖြစ်လာရင်တော့ သိပ်မကောင်းတော့ပါဘူး" ဟု အတ္တလန္တိတ် ကောင်စီ  လက်တင်အမေရိက စီးပွားရေးဖွံ့ဖြိုးမှု ဌာနမှ ဒါရိုက်တာ ဂျက်ဆင် မာဇက် က ပြောသည်။

ဗင်နီဇွဲလားနိုင်ငံသည် လက်ရှိအချိန်တွင် စားသောက်စရာ ပိုင်းအရ ရှားပါးပြတ်လပ်နေပြီဖြစ်သလို ရေနံဈေးကျဆင်းမှု၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့် စီးပွားရေးပိုင်းတွင် ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရသည်။

နိုင်ငံရေးပိုင်းတွင်လည်း လက်ရှိသမ္မတ နီကိုလပ်စ် မာဒူရို၏ အတိုက်အခံများက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် လွှတ်တော်က ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံရေးအကျပ်အတည်းများလည်း   ဖြစ်ပေါ်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required