စပါးသီးနှံအတွက် စိုက်စရိတ်ချေးငွေ ကျပ်ငါးသောင်းတိုးမြှင့်

စပါးသီးနှံအတွက် စိုက်စရိတ်ချေးငွေ ကျပ်ငါးသောင်းတိုးမြှင့်
ပဲခူးတိုင်းဒေသအတွင်းရှိ စပါးစိုက်ပျိုးနေသည့် မြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန် ၊ မေ ၄ ။             ။  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သီးနှံ ကိုးမျိုးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျှက်ရှိရာ လာမည့်မိုးရာသီတွင်စပါးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ယခင်ကျပ် တစ် သိန်းမှ တစ်သိန်းခွဲအထိထုတ် ချေးပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ် မှ အရာထမ်းတစ်ဦးကပြောသည်။

'' မနှစ်က တစ်သိန်းနဲ့ချေးထားတာတွေကို မြန်မြန်ဆပ်ပြီး  ဒီနှစ် တစ်သိန်းခွဲချေးမှာကိုယူကြပါ '' ဟု ချေးငွေဌာ နမှ အမျိုးသမီးအရာထမ်းကပြောသည်။

စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပေးဆပ်ရန်အတွက် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှ အများဆုံးကျန်ရှိနေပြီး ပြန်လည်ပေးဆပ်ရာတွင် ချေးငွေရယူသူတောင်သူကိုယ်တိုင် သက်ဆိုင်ရာ ဘဏ်များ သို့ ကိုယ်တိုင်သွားရောက် ပေးဆပ်ရန် လိုအပ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှုးများမှ တစ်ဆင့်ပေးဆပ်ခြင်းကို ရှောင် ရှားရမည်ဖြစ်ကြောင်း၊  ဘဏ်သို့ သွားရောက် ပေးဆောင်ပြီးပါက ဘဏ်မှ လက်ခံရရှိကြောင်းပြန် လည်ပေး အပ်သည့် ပြေစာကို သိမ်းဆည်းထားရန် လိုအပ်ကြောင်းအဆိုပါအရာထမ်းက ဖြည့်စွက်၎င်းကပြောသည်။

စပါး နှင့်ချက်ကြံအတွက် ၂၀၁၂ မိုးရာသီမှ စတင်ကာ ကျပ်လေးသောင်းထုတ်ချေးရာမှ  ကျပ်ငါးသောင်း အထိလည်းကောင်း၊ ယင်းနှစ် နွေစပါးရာသီတွင် ကျပ် ရှစ်သောင်းအထိလည်းကောင်း၊ ၂၀၁၃ မိုးရာသီတွင် ကျပ် တစ်သိန်းအထိလည်းကောင်းတိုးမြှင့်ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်မိုးရာသီတွင် စပါးသီးနှံတစ်မျိုးတည်းကို ကျပ် ငါးသောင်းအထိအများဆုံး တိုးမြှင့်ထုတ်ချေးပေးခြင်းဖြစ်ပြီး အတိုးနှုန်းကိုမူ ယခင်ကျပ် တစ်ရာလျှင် ၄၂ပြားနှုန်း(5 ရာခိုင်နှုန်း)မှ ယခုအခါ ကျပ် တစ်ရာလျှင် 67ပြားနှုန်း(8 ရာခိုင်နှုန်း)တိုးမြှင့်ထားကြောင်းသိရသည်။

စပါးသီးနှံ စိုက်စရိတ်ကို ကျပ်တစ်သိန်းခွဲအထိတိုးမြှင့်ထားပြီးနောက် ယခုနှစ်မိုးချေးငွေအတွက်စိုက်ပျိုးစရိတ်လျာထားချက်မှာ ကျပ်ငွေဘီလီယံ ၁၄၀၀ ကျော်ဖြစ်ပြီးယင်းပမာဏမှာ ယခင်ဘဏ္ဍာ   နှစ်ထက် ဘီလီယံ သုံးရာကျော် တိုးမြှင့်ထုတ်ချေးရန် လျားထားခြင်းဖြစ်သည့်အပြင် စိုက်ပျိုးမြေဧကကိုလည်း ပိုမိုထုတ်ချေးပေးသွားမည်ဟုမြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှသိရသည်။

အတိုးနှုန်းနည်းသော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်စရိတ်များတိုးမြှင့်ထုတ်ချေးခြင်းမှာ ကိုယ် ပိုင်အရင်းအနှီးနည်းပါးသောတောင်သူများအတွက် တစ်ဧက ကုန်ကျစရိတ်များကို သက်သာစေမည်ဖြစ်ပြီး ထွက်ရှိလာသောသီးနှံများမှ အကျိုးအမြတ်များကိုယခင်ထက်တိုးမြှင့်ရရှိစေမည်ဖြစ်သော်လည်း စိုက်ဘဏ်မှ ချထားပေးသောစိုက်စရိတ်ချေးငွေများမှာ တောင်သူများ လယ်ယာလုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်ချိန်တွင် လိုအပ်သောသွင်းအားစုများကိုစုဆောင်းချိန်အမှီ ရရှိရန်မှာလည်းအရေးကြီးသောစီမံခန့်ခွဲမှုပင်ဖြစ်သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သီးနှံကိုးမျိုးထုတ်ချေးရာတွင် စပါး၊ ချက်ကြံ၊ မြေပဲ၊ နှမ်း၊ ဆီမုန်ညှင်း၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ အစေ့ထုတ်ပြောင်းနှင့် ဂုန်လျှော်တို့ပါဝင်ပြီး ယခုအခါ ချက်ကြံတစ်ဧလျှင် ကျပ်တစ် သိန်းနှင့် ကျန်သီးနှံများကိုကျပ်နှစ်သောင်းနှုန်းဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်သည်။

ဇန်နဝါရီလမှ  မတ်လအထိကာလကိုမိုးကြိုချေးငွေအဖြစ်လည်းကောင်း၊ ဧပြီလမှ သြဂုတ် လအထိကိုမိုးချေးငွေအဖြစ်လည်းကောင်း၊ စက်တင်ဘာလမှ  ဒီဇင်ဘာလအထိကိုဆောင်းချေးငွေအဖြစ် လည်းကောင်း ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်မည့် သီးနှံများကို သတ်မှတ်နှုန်းထားအတိုင်းထုတ်ချေးပေး လျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required