ခိုင်းတိုင်းလုပ်တာ အနုပညာသည် မဟုတ်ပါ

ခိုင်းတိုင်းလုပ်တာ အနုပညာသည် မဟုတ်ပါ

မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲကြီးကတော့ ဆူညံပူညံအသံတွေ ကြားထဲမှာပဲ ပြီးဆုံးသွားခဲ့ပါပြီ။ နှစ်နှစ်စာ ပေါင်းပေးတဲ့အတွက် ဆူညံပူညံအသံက နှစ်ဆတက်သွားတာလည်း ဖြစ်ချင်ဖြစ် မှာပေါ့။ ဘယ်သူက ရထိုက်ရဲ့သားနဲ့ မရတာ၊ ဘယ်သူက မရထိုက်ဘဲ ရတာ၊ ဇာတ်ဆောင် ဇာတ်ရန် မကွဲပြားတာ အစရှိသဖြင့် ပွတ်လောကြီးကို ရိုက်ရောပဲ။ ဇာတ်ဆောင်ဇာတ်ရန် ကိစ္စဆို ကုမ္ပဏီက ခွဲခြားပြီး အကဲဖြတ်အဖွဲ့ကို တင်ပေးရတယ်ဆိုတာ မောင်မှန် ခုမှသိပါတယ်။ (ပရိသတ် အများစုလည်း ဒီအတိုင်းပဲ ဖြစ်မှာပါ) ဗမာရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီး ဘယ်သူက အဓိကဇာတ် ဆောင်၊ ဘယ်သူက ဇာတ်ရန်ဆိုတာ ခွဲခြားကြည့်ဖို့ ခက်ဟန်တူပါရဲ့။ ကုမ္ပဏီက ဇာတ်ဆောင်ကို ဇာတ်ရန်ဆိုလည်း အကဲဖြတ်အဖွဲ့က လက်ခံလိုက်ပုံပါပဲ။ ပိုပြီးရှုပ်ထွေးသွားတော့တာပဲ။ အဘခေတ်မှာ အဘတွေနဲ့ အကျိုးဖြစ်ထွန်းခဲ့တဲ့ ရုပ်ရှင်သမားတွေက တောပြောတောင်ပြောတွေ ပိုပြောလို့ ကောင်းသွားတာပေါ့။ ထားပါတော့လေ။

အဲဒီ့ဆုပေးပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ ခဲ့ပါတယ်။ သဝဏ်လွှာထဲမှာ "ရုပ်ရှင်ဆိုတာ အနုပညာတွေထဲမှာ လူထုကြားကို အထိုးဖောက်နိုင်ဆုံးနဲ့ လူအများအပေါ် သြဇာသက်ရောက်မှုအရှိဆုံး" လို့ ဖော်ပြ ပါရှိခဲ့ပါတယ်။ တစ်ခါ မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက "မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးဖြစ်စဉ်တိုင်းမှာ ကျနော်တို့ အနုပ ညာရှင်တွေက တစ်ခန်းတစ်ကဏ္ဍအနေနဲ့ အရေးပါအရာရောက်စွာ ပါဝင်ပေးခဲ့တယ်ဆိုတာ အားလုံး အသိပါ။ ပြီးခဲ့တဲ့ သမိုင်းဝင်ရွေးကောက်ပွဲမှာ ပြောင်းလဲချိန် တန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့ ကြွေးကြော်သံနေရာမှာ ကျနော်တို့ အနုပညာရှင်တွေ ပံ့ပိုးကူညီမှုက အရေးပါတယ်ဆိုတာ ထင်ဟပ်ခဲ့တာပဲ ဖြစ်ပါ တယ်။ ဒါကြောင့်လည်း ကျနော်တို့ဖြစ်စေချင်တဲ့ ပြည်သူ့အစိုးရဆိုတာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်" လို့ အဲဒီ့အဖွဲ့ရဲ့ သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောတာ မှန်သလို ကိုလူမင်းစကားကလည်း မလွဲပါဘူး။ နိုင်ငံရေးဖြစ် စဉ်တွေမှာ ရုပ်ရှင်သမားတွေ အရေးပါအရာရောက်စွာ ပါဝင်ခဲ့ကြတယ်တဲ့။ တည့်တည့်ကို မှန်ပါတယ်။ တစ်ခုပဲ။ ဘယ်ဘက်ကပါသလဲဆိုတာကိုတော့ ဆန်းစစ်ကြည့်ရမှာပေါ့နော်။ တရားတဲ့ဘက်ကလား၊ မတရားတဲ့ဘက်ကလား၊ ဖိနှိပ်တဲ့ဘက်ကလား၊ အဖိနှိပ်ခံရတဲ့ဘက်ကလား၊ (ရုပ်ရှင်သမားမှ မဟုတ် ပါဘူး၊ အနုပညာရှင်အားလုံးလည်း ဒီအတိုင်းပဲလို့ မောင်မှန်မြင်ပါတယ်။) ကိုယ့်မေးခွန်းကိုယ် မောင်မှန်ပဲ အရင်ဖြေပါမယ်။ တရားတဲ့ဘက်ကသာရင် တရားတဲ့ဘက်ကပေါ့။ မတရားတဲ့ဘက်ကသာ ရင်လည်း မတရားတဲ့ဘက်ကပေါ့။ ဟုတ်ဖူးလား။ ဟဲ.....ဟဲ ဒါမှ အနေအစား ချောင်မယ်မဟုတ်ဖူး လား။ မောင်မှန့်လိုလူစား အများကြီးရှိမှာဖြစ်သလို သေသည်အထိ အမှန်တရားဘက်က မဆုတ်မနစ် ရပ်တည်သွားတဲ့ အနုပညာရှင်တွေလည်း မနည်းပါဘူး။

အင်္ဂလိပ်နယ်ချဲ့ခေတ်ကို ပြန်ကြည့်ရင် ယူနီယံဂျက် (အင်္ဂလိပ်)အလံကြီး ကိုင်ပြီးကတဲ့ ဇာတ်မင်းသားကြီးနဲ့ ဗမာဦးကင်းဒေါင်အလံကိုင်ပြီး ကတဲ့ ဇာတ်မင်းသားကြီးရယ်လို့ ရှိတာကို တွေ့ရ မှာ ဖြစ်ပါတယ်။ (အဲဒီတုန်းက ရုပ်ရှင်က မထွန်းကားသေးတော့ ဇာတ်ပွဲက အဓိကပေါ့) ဆိုလိုတာက နယ်ချဲ့ထောက်ခံတဲ့ မင်းသားနဲ့ မျိုးချစ်မင်းသားရယ်လို့ ရှိတယ်။ ဂျပန်ခေတ်မှာလည်း ဒီလိုပဲ။ ဖဆပ လခေတ်မှာလည်း ဒီလိုပဲ။ ဖဆပလခေတ်မှာ လူထုအော်သံ ရုပ်ရှင်ကား ထွက်ပေါ်လာသလို ခေတ်စ နစ်ကို အရင်အတိုင်း မီးမောင်းထိုးပြတဲ့ ရုပ်ရှင်ကားတွေလည်း အများကြီး ရှိခဲ့တာပါပဲ။ ဒီမိုကရေစီနည်း နည်းရှိရင် အုပ်စိုးသူကို အတိုက်အခံပြုတဲ့ အနုပညာလက်ရာတွေ နည်းနည်းထွက်မှာဖြစ်ပြီး ဒီမိုကရေ စီ များများရှိရင် များများထွက်မှာဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်တို့မှာ အထင်သား တွေ့ရမှာ ဖြစ်ပါတယ်။

တော်လှန်ရေးကောင်စီခေတ်မှာ သတင်းစာတွေ ပြည်သူပိုင်သိမ်းရာကစလို့ အတိုက်အခံပြု မယ့် မီဒီယာအားလုံးကို စတင် နှိပ်ကွပ်ပါတယ်။ ပြီးတော့ စာပေစိစစ်ရေးဆိုတာကို ဖွဲ့စည်းပြီး စာပေအ နုပညာလက်ရာတွေကို ဒရစပ် နှိပ်ကွပ်ခဲ့တာ နဝတ၊ နအဖ ခေတ်အထိပါ။ ရုပ်ရှင်ဆင်ဆာ၊ ဂီတဆင် ဆာ၊ သဘင်ဆင်ဆာ၊ ပန်ချီဆင်ဆာ စသဖြင့် အရာရာဆင်ဆာလုပ်ပြီး အတိုက်အခံပြုတယ်လို့ ယူဆ တဲ့ အနုပညာလက်ရာမှန်သမျှကို non-stop ဆွမ်းကြီးလောင်းလာတာလည်း သိတဲ့အတိုင်းပါပဲ။ ဒီမိုက ရေစီ လုံးဝ ဆိတ်သုဉ်းသွားတာပေါ့။ မဆလ၊ နဝတ၊ နအဖ ခေတ်တစ်လျှောက် ထွက်လာလိုက်တဲ့ ပေါ်လစီစာအုပ်တွေ၊ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ၊ TV ဇာတ်လမ်းတွေ အကျိုးပြုသီချင်းဆိုတာတွေ နည်းမှတ်လို့။ အဲဒါတွေတုန်းကလည်း ဒီမျက်နှာတွေ၊ ဒီလက်ရာတွေ ဒီအသံတွေ၊ ပြောင်းလဲချိန်တန်ပြီ ဆိုတော့လည်း ဒါ ဒါတွေပဲ။ မောင်မှန့်မူဝါဒကို ကျင့်သုံးတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့ခင်ဗျာ။

အနုပညာရှင်တွေရဲ့ဘက် နှစ်ဖက်သဘောကို မောင်မှန် ဂလောက်ပျိုးနေရတာ အကြောင်းရှိပါ တယ်။ နိုင်ငံပိုင် သတင်းစာကြီးတစ်စောင်မှာ မကြာသေးမီက မောင်မှန်ဖတ်လိုက်ရတဲ့ ဆောင်းပါးတစ် ပုဒ်ကြောင့်ပါ။ (အဲဒီ့ဆောင်းပါးတစ်ပုဒ်လုံးကို ပြန်လည်ရေးသား ဆွေးနွေးဖို့ မောင်မှန် အစီအစဉ် ရှိပါတယ်။ ခုတော့ လိုသလောက်ပဲ ထုတ်နှုတ် ဆွေးနွေးသွားပါ့မယ်) အဲဒီ့ဆောင်းပါးမှာ အဆိုတော်၊ ရုပ်ရှင်မင်းသား ဖိုးသောကြာရဲ့ Facebook စာမျက်နှာက အရေးအသားအချို့ကို ဖော်ပြထားပါတယ်။ ဖိုးသောကြာက သူ့ကို ကြံ့ဖွံ့လူလို့ သူ့နောက်ကွယ်မှာ ပြောနေကြတယ်။ သူသည် ကြံ့ဖွံ့လူလည်း မဟုတ်၊ ဒီချုပ်လူလည်း မဟုတ်တဲ့ အနုပညာသည်။ ဘယ်အစိုးရလက်ထက်မှာမှ ဖုန်းတစ်လုံး၊ မြေတစ်ကွက် မတောင်းခဲ့ဘူး။ အနုပညာသည်ဆိုတာ (မင်း) အစိုးရနဲ့ လူထုရဲ့ အသုံးတော်ခံ၊ အနုပညာသည်ဆိုတာ ဘယ်အစိုးရပဲဖြစ်ဖြစ်၊ အစိုးရက ခိုင်းရင်လုပ်ရသူတွေ၊ အရင်အစိုးရကို မုန်းပြ၊ အခုအာဏာရပါတီ အမှတ်အသားပါတဲ့ အင်္ကျီဝတ်ပြမှ တိုင်းပြည်ချစ်တာ မဟုတ်ဘူးလို့ ရေးပါတယ်။ (ဆောင်းပါးရှင် ပြန်လည်ဖော်ပြထားတဲ့ အနှစ်ချုပ်ကိုပဲ မောင်မှန်က ထပ်ကူး ဖော်ပြတာပါ)

ဒီအရေးအသားမှာ ဖိုးသောကြာက အနုပညာသည်ဆိုတာကို အဓိပ္ပယ်ဖွင့်ပါတယ်။ (ကြံ့ဖွံ့လူ၊ ဒီချုပ်လူ စတာတွေ မောင်မှန် စိတ်မဝင်စားပါဘူး) အနုပညာရှင်ဆိုတာ (မင်း) အစိုးရနဲ့ လူထုရဲ့ အသုံး တော်ခံတဲ့။ ဟုတ်ပါပြီ။ မင်းနဲ့ ပြည်သူဆိုတာက အမြဲကြည်ဖြူနေတာမှ မဟုတ်ဘဲ။ ပြောရရင် မင်းကောင်းမင်းမြတ်က နည်းပြီး မင်းဆိုးမင်းညစ်က အများကြီး။ မင်းဆိုးမင်းညစ်တွေကိုလည်း အသုံး တော်ခံမယ်။ လူထုကိုလည်း အသုံးတော်ခံမယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။ မောင်မှန်စဉ်းစားမိသလို စာဖတ်ပရိသတ်များလည်း စဉ်းစားမိလိမ့်မယ် ထင်ပါတယ်။ လွယ်လွယ်လေးပါ။ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်လောက်တောင် မခက်ပါဘူး။ ဖိုးသောကြာရဲ့ နောက်အဆိုက ပိုဆိုးသွားတယ်။ အနုပ ညာသည်ဆိုတာ ဘယ်အစိုးရပဲဖြစ်ဖြစ် ခိုင်းရင်လုပ်ရတဲ့သူတွေတဲ့။ သိပ်ကျယ်ဝန်းသွားပါပြီ။ မင်းဆိုး မင်းညစ်တွေ ခိုင်းတိုင်းမလုပ်တဲ့ အနုပညာသည်တွေ အများကြီးရှိတာ ဖိုးသောကြာ သတိထားမိပုံ မရပါဘူး။ သေချာလေ့လာကြည့်စေလိုပါတယ်။ ခိုင်းရင်လုပ်ရတယ်ဆိုကတည်းက မင်းဆိုးတွေခိုင်း လည်း လုပ်မှာပဲပေါ့။ မင်းဆိုးတွေက ဘာခိုင်းမလဲ။ သူတို့ကောင်းကြောင်း ရုပ်ရှင်တွေရိုက်ခိုင်းမယ်။ သူတို့ကောင်းကြောင်း သီချင်းတွေဆိုခိုင်းမယ်။ သူတို့နှိပ်စက်တာကို မခံနိုင်လို့ တန်ပြန်ဆန့်ကျင်တဲ့ လူထုကို သူခိုး၊ ဓါးပြ၊ မုဒိန်း လူသတ်ကောင်တွေအဖြစ် အနုပညာနည်းလမ်းအမျိုးမျိုးနဲ့ ပုံဖော်တင် ဆက်စေမယ်။ ဒါပဲမဟုတ်လား။ အများသိပြီးသားပါ။ ဒီအခါမှာ လူထုအသုံးတော်ခံမယ်ဆိုတဲ့ အနုပညာသည်ဆိုတာ ဘယ်ရောက်သွားမှန်း မသိတော့ပါဘူးခင်ဗျာ။

မောင်မှန်ဟာ ဖိုးသောကြာသီချင်းဆိုတာလည်း ကြိုက်၊ သရုပ်ဆောင်တာလည်း ကြိုက်ပါ တယ်။ သူ့အပေါ် ပုဂ္ဂိုလ်ရေး ဘာမျှမရှိပါ။ လွဲချော်နေတယ်ထင်တာလေးတွေ ပြောကြည့်မိလိုက်ရုံပါ။ ဘက်မရှိတဲ့ အနုပညာသည်ဆိုတာ ရေရှည်မှာ ကျဆုံးတက်စမြဲပါ။ ဟိုခုန်ဒီကူးလုပ်လို့ရ ခဏပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required