မန္တလေးတွင်  ၃နေရာ ပေါက်ကွဲမှုဖြစ်ပွား

By 008 (မဇ္ဈိမ)
28 November 2023
မန္တလေးတွင်  ၃နေရာ ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးမြို့တွင် ယနေ့  နိုဝင်ဘာ ၂၈ရက်နံနက်ပိုင်း၌  စစ်​ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် နေရာ သုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယနေ့ နံနက် ၆နာရီခန့်တွင် အမရပူရမြို့နယ်၊အိုးတော်ရပ်ကွက်ရုံးနှင့်ကန်တော်ကြီး မီးပွိုင့်တို့၌ရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နံနက် ၇နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ပေါက်ကွဲမှုတွေဖြစ်တာ ဟုတ်ပါတယ်။ဒီမနက်တင် သုံးနေရာလို့ကြားတယ်။ကျွန်တော်တို့ရပ်ကွက်ရုံးမှာ စခ (စစ်ကောင်စီတပ်သား) တွေက အရပ်ဝတ်နဲ့ရှိနေတာဗျ။ အထိအခိုက်တော့ ရှိမယ်မထင်ဘူး။ အခုက သူတို့ရုံးတံခါးတွေပိတ်ထားတယ်။ ရုံးရှေ့လည်းဖြတ်သွားလို့ မရတော့ဘူး"ဟု အိုးတော်ရပ်ကွက်သားတဦးကပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအနီး နေထိုင်သူတဦးကလည်း "ပစ်သွားတာလား ဘာလားတော့ မသိလိုက်ဘူး။ အုန်းဆိုမှသိတာ အခုကတော့ ရုံးထဲမှာငြိမ်နေတယ်။ ထိပုံမရဘူး "ဟုပြောသည်။

ရုံးနှစ်ရုံးလုံးတွင် ပေါက်ကွဲမှုဖြစ်ပြီး ရုံးအတွင်းမှ သေနတ်ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ကြောင်း ရပ်ကွက်‌ေနသူများကဆိုသည်။ 

ကန်တော်ကြီး မီးပွိုင့်ပေါက်ကွဲမှုတွင်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

"မီးပွိုင့် ပေါက်ကွဲမှုကတော့ရှင်းတယ်။ ပြည်သူကို အနိုင်ကျင့် ဂုတ်သွေးစုတ်နေတဲ့ ယာဥ်ထိန်းရဲတွေကို သတိပေးတဲ့သဘောလို့မြင်တယ်"ဟု မြို့ခံတဦးက​ သုံးသပ်ပြောဆိုသည်။

ရွှေတောင်ပံ စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ရွှေတောင်ပံ စစ်ဆင်ရေးအဖွဲ့က ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင်"တော်လှန်ရေး အရှိန်မြှင့်တက်လာသည်နှင့်အညီ ကျွန်ုပ်တို့ ရွှေတောင်ပံစစ်ဆင်ရေးသည်လည်း တစ်ဖက်တွင် မြို့သိမ်းတိုက်ပွဲများကို ဆက်လက်အားကောင်းစွာ ဖော်ဆောင်နေသည့် နောင်တော်ကြီးများ၏ ၁၀၂၇  စစ်ဆင်ရေးနှင့်အတူတော်လှန်ရေးအား ပူးပေါင်းပါဝင်သည့် ပထမဆုံး စစ်ဆင်ရေးအဖွင့်အား မန္တလေးမြို့၏ မြို့နယ်များတွင် စိမ့်ဝင်ရောက်ရှိနေပြီဖြစ်သော ရွှေတောင်ပံ ရဲဘော်များနှင့် တော်လှန်ရေးမဟာမိတ်များမှ အောင်မြင်စွာ လှုပ်ရှားနိုင်ခဲ့သည်။

မန္တလေးမြို့ သုံးနေရာတွင် တစ်ချိန်ထဲ တပြိုင်ထဲဖောက်ခွဲကာ ယနေ့ စတင်လိုက်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်"ဟုရေးသားထားသည်။

ပြည်သူများ မျှော်လင့် စောင့်စားနေခဲ့ရသော မြို့သိမ်းတိုက်ပွဲအတွက် အထောက်အကူဖြစ်စေမည့် စစ်ရေးတိုက်ခိုက် မှုများကို အချိန်အခါကောင်းကောင်းတွင် သတိကြီးကြီးဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်သည်ဟု ဆိုသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့ရဲဘော်များနှင့်အတူ အသံနှင့်အလံကို နားစွင့်ကာ ရန်သူ့လှုပ်ရှားမှုများအား စောင့်ကြည့် ကာကွယ်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးပါရန် မြို့လူထုကို အထူးတောင်းဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မန္တလေးမြို့
#ဖောက်ခွဲတိုက်ခိုက်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required