ဖယ်ခုံအခြေစိုက် ခမရ(၄၂၂)မှ စစ်ကောင်စီတပ်သား လက်နက်အပြည့်အစုံဖြင့် PDF ထံ ခိုလှုံ

By ဂျူချန်း(မဇ္ဈိမ)
08 November 2023
ဖယ်ခုံအခြေစိုက် ခမရ(၄၂၂)မှ စစ်ကောင်စီတပ်သား လက်နက်အပြည့်အစုံဖြင့် PDF ထံ ခိုလှုံ
ပုံအညွှန်း-အလင်းဝင်တပ်သားယူဆောင်လာသည့် လက်နက်ခဲယမ်းများ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဖယ်ခုံအခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၂၂) မှတပ်သားတဦး လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တပ်ရင်းအမှတ် (၁၀၀၆) မှ ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ကရင်နီဒေသမှတပ်များအား ရှမ်းမြောက်ဘက်သို့ပို့ဆောင်နေပြီး လက်နက်အပြည့်အစုံ ဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသည် ရှမ်းမြောက်သို့ တပ်သားပို့ဆောင်ရေးလမ်းကြောင်း တွင် လုံခြုံရေးဆောင်ရွက်နေစဉ် ထွက်ပြေးလာပြီး ဖယ်ခုံ PDF တပ်ရင်း(၂) ဗိုလ်တထောင်တပ်ခွဲ၊ တပ်ရင်း အမှတ်(၁၀၀၆)ထံသို့ နိုဝင်ဘာလ ၇ ရက်နေ့က ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က မနက် ၈ နာရီခွဲမှာ ကား ၁၃ စီး လူအပြည့်၊ ခန့်မှန်းလူအင်အား ၃၀၀ ၊ နေ့လည် ၁၂ နာရီ ကားအစီး ၃၀၊ ခန့်မှန်းလူအင်အား ၅၀၀ လွိုင်ကော်ကနေ မိုးဗြဲ၊ ဖယ်ခုံ၊ အောင်ပန်းဘက် ချီတက်သွားပါတယ်။ သူက ကရင်နီကဆုတ်ခွာပြီး ရှမ်းမြောက်ဘက်ကိုစစ်ကူသွားမယ့်ယာဥ်တန်းကို လုံခြုံရေးယူပေးတာကနေ ထွက် ပြေးလာတာ” ဟု ဗိုလ်တထောင်တပ်ခွဲမှ တာဝန်ရှိသူတဦးကမဇ္ဈိမကို ပြောသည်။

ဖယ်ခုံ PDF ထံ ခိုလှုံလာသည့် စစ်ကောင်စီတပ်သားသည် MA1 သေနတ် တလက်၊ ကျည်ဘောက် လေးခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်တစုံကို ယူဆောင်လာကြောင်း၊ ၎င်းအား ဆုငွေများ ပေးအပ်ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ဖယ်ခုံ PDF တပ်ရင်း(၂) တပ်ရင်းအမှတ်(၁၀၀၆) ထံ စစ်ကောင်စီ တပ်သားသုံးဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုလှုံလာကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required