စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၏မြို့တော် ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် PDF အလံလွှင့်ထူသည့် ရုပ်သံဖိုင်ကို NUG ကာကွယ်ရေးဌာနက ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လာသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၃ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်
စစ်ဆင်ရေးအတွင်း စွန့်စားပေးဆပ်စွန့်လွှတ်သူများ အားလုံးကိုလည်း ထာဝရ အမှတ်ရစွာဖြင့် ဦးညွှတ် အလေးပြုရင်း မှတ်တမ်းတင် ဂုဏ်ပြုကြောင်း NUG က ထုတ်ပြန်ထားသည်။
ကောလင်းမြို့သည်၊ ပင်လယ်ဘူးမြို့နှင့်ဝန်းသိုမြို့တို့ပါဝင်သည့် ကောလင်းခရိုင်၌ တည်ရှိသော မြို့ကြီးဖြစ်သည်။ စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် လူထုခုခံစစ် သုံးနှစ်နီးပါးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရက ပထမဆုံး သိမ်းယူနိုင်ခဲ့သည့် မြို့ဖြစ်သည်။
ကောလင်းမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရပ်တန့်သွားပြီဟု အမျိုးသား ညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လတ်တလောတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကလည်း ၁၀၂၇ စစ်ဆင်ရေးဖြင့် အောက်တိုဘာလ ၂၇ ရက်မှ စတင်ကာ စစ်ကောင်စီကိုတိုက်ခိုက်နေသည်။
လက်ရှိအချိန်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီတပ်စခန်းပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ချင်းရွှေဟော်၊ သိန္နီ၊ ကြူကုတ်(ပန်ဆိုင်း)၊မုံးကိုး၊ နမ့်ခမ်းမြို့တို့ကို ထိန်းချုပ်ထားကြောင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကထုတ်ပြန်ထားသည်။